close

ကလေးမြို့နယ်၌ ရွာသား ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံပု‌လဲကျေးရွာမှာ ဒေသခံအမျိုးသားတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၃ ရက်မှာ PDF လို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

အဆိုပါဖမ်းဆီးခံရသူဟာ ကိုနေသူထွန်း ဆိုသူဖြစ်ပြီး PDF လို့ စစ်ဆေးတွေ့ရှိတဲ့အတွက် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူဟာ PDF တပ်ဖွဲ့ဝင်မဟုတ်ဘဲ သာမန်အရပ်သား ဒေသခံသာဖြစ်ကြောင်း၊ စစ်ကောင်စီက အပြစ်မဲ့တဲ့ ဒေသခံ မိဘပြည်သူတွေကို PDF လို့စွပ်စွဲပြီး ဖမ်းဆီးတာဖြစ်ကြောင်း ကလေး PDF ပြန်ကြားရေးတာဝန်ခံ ကိုနေ့သစ်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုနေသူထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ နီးစပ်တဲ့သူတယောက်က ပြောပါတယ်။

စက်တင်ဘာ ၆ ရက်ကလည်း ကလေးမြို့ အောင်သစ္စာရပ်ကွက်က ဒေသခံအမျိုးသား ကိုသာထွန်းလင်းကို မဟုတ်မမှန်သတင်း ဖြန့်ဝေမှုနဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပါသေးတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၀၀‌ ဝန်းကျင်ရှိ‌ပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up