close

ထိုင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးစားသည့် မြန်မာများ ထပ်မံဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မယ်လမတ်မြို့နယ်မှာ ဒီကနေ့  စက်တင်ဘာ ၁၉ ရက် မနက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၅ ဦး အဖမ်းခံရတယ်လို့ AEC အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မီးခိုးရောင် တိုယိုတာဟိုင်းလပ်စ်ကား ၁ စီးဟာ ဟွေ့ပါ စစ်ဆေးရေးဂိတ်ကို ကွေ့ရှောင်ပြီး ဘန့်ပါလိုက်ဒင်ဒဲန် တောလမ်းဘက်ကနေ မောင်းလာစဉ် နယ်လှည့်စစ်ဆေးရေးအဖွဲ့နဲ့ တိုးမိတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အဆိုပါကားကို စစ်ဆေးဖို့ ရပ်မိန့်ပေးစဉ် ယာဉ်မောင်းကရပ်မပေးဘဲ ထွက်ပြေးသွားခဲ့ပါတယ်၊ တောတွင်းတနေရာမှာရောက်တော့  ကားရပ်ပြီးထွက်ပြေးသွားကြောင်း ၊ ကားပေါ်မှာ လူ ၁၅ ယောက် ( အမျိုးသား ၁၀ ဦး အမျိုးသမီး ၅ ဦး ) ပါလာပြီး မြန်မာပြည်ကနေ ထိုင်းမှာအလုပ်လုပ်ဖို့ ဝင်လာကြောင်းလို့ဆိုပါတယ်။ အလုပ်သမားတွေဟာ ပွဲစားခ တဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ စီပေးခဲ့ရပြီး၊ သူတို့ကို လဝက ဥပဒေနဲ့ ဆက်လက်အရေးယူဖို့ မယ်လမတ်ရဲစခန်းကို ပို့ဆောင်ထားပါတယ်။

အဆိုပါလမ်းကြောင်းပေါ်မှာပဲ  ဘတ် ၆၇၂၀၀ တန်ဖိုးရှိ ကျွန်းသစ်လုံး ၈ လုံးကိုပါ ဖမ်းမိခဲ့ပါတယ်။ ၄ လုံးကို ကားပေါ်တင်လာစဉ်ဖမ်းမိပြီး နောက် ၄ လုံးကို ဝှက်ထားတဲ့ တောထဲကနေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၅ ဦးနဲ့ လမ်းပြယာဉ်မောင်း ၁ ဦးပါ အဖမ်းခံခဲ့ရပါသေးတယ် ။ 

တာဝန်ရှိသူတွေဟာ ထောင်းဖာဖူးမြို့နယ် ထာ့ခနွန်အုပ်စုတွင်း လုံခြုုံရေး စောင့်ကြပ် စစ်ဆေးစဉ် ဟွေ့ခယုန်ရွာအနီး ဝင်ရောက်လာတဲ့ တိုယိုတာကားတစ်စီးကို စစ်ဆေးရာမှာ ယာဉ်မောင်း ၁ ဦးသာလျှင် ထိုင်းမှတ်ပုံတင်ရှိပြီး ကျန်သူတွေမှာ အထောက်အထားမရှိလို့ အဖမ်းခံရပါတယ်။

အဆိုပါ မြန်မာ ၁၅ ဦးမှာ အမျိုးသား ၉ ဦး အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ယောက်တို့ပါလာပြီး ရန်ကုန်နဲ့ မော်လမြိုင်ကလာကြောင်း ၊ ရာ့ချ်ပူရီနဲ့ ချွန်းဖွန်းခရိုင်ကို သွားဖို့ ပွဲစားခ တစ်ဦးလျှင် ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအရ  သူတို့ကို ကိုယ်ပူချိန်စစ်ဆေးရာမှာ ၂ ဦးမှာ အပူချိန်မြင့်နေလို့ ATK နဲ့ ဆက်စစ်ရာမှာ ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရတယ်လို့ ဆိုပါတယ် ။ 

အားလုံးကို လိုအပ်သလိုအရေးယူဆောင်ရွက်ဖို့ ထောင်းဖာဖူးမြို့နယ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စားဝတ်နေရေး ၊ လုံခြုံရေးအခက်အခဲဖြစ်နေတဲ့ နိုင်ငံသားတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်နေကြရာမှာ အဖမ်းအဆီးခံနေရတာလည်း နေ့စဉ်လို ရှိနေပါတယ်။ 

Ref- AEC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up