close

တမူးတိုက်ပွဲတွင် PDF ရဲဘော် ၂ ဦး ကျဆုံး

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့အဝင် ၄ မိုင်ဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ တမူးပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားနိုင်ပေမဲ့ အတည်ပြုလို့မရခဲ့ကြောင်း တမူး PDF တာဝန်ရှိသူက ပြောပါတယ်။

“ကျဆုံးသွားတဲ့ ရဲဘော်တွေကတော့ BSO (Burmese Student Organization) က မောင်အာကာထက် (၁၈ နှစ်) နဲ့ ပ.က.ဖ က ရဲဘော်လင်းယုန် (၄၀ နှစ်ကျော်) တို့ဖြစ်ပါတယ်။ ရဲဘော်လင်းယုန်ရဲ့ အလောင်းကတော့ ပြန်မကောက်နိုင်ခဲ့ဘဲ တမူးနာရေးကူညီမှုအသင်းက မီးသင်္ဂြိုဟ်ပေးခဲ့တယ်။ တိုက်ပွဲဖြစ်တာက အချိန်ကြာပြီး မိုးချုပ်နေပြီ။ ပြန်ဆုတ်တဲ့အချိန်မှာ လင်းယုန်က ပါမလာတော့ ပျောက်တယ်ထင်နေတာ၊ ဒီမနက်မှပဲ ကျသွားမှန်း သိလိုက်ရတယ်။ မနေ့က နမွန်းတားရွာနားမှာ တကြိမ်၊ ၄ မိုင်ဂိတ်မှာ တကြိမ် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာ အတော်ထိတယ်။ အတည်ပြုလို့တော့ မရခဲ့ဘူး။”

နွေဦးတော်လှန်ရေး စတင်တဲ့အချိန်ကစပြီး ဒီနေ့အထိ တမူးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁၁ ယောက် ကျဆုံးသွားပြီလို့ သိရပါတယ်။

လက်ရှိမှာ ခရီးသွားပြည်သူတွေ၊ ဒေသခံတွေအနေနဲ့ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်နေပြီး ကလေး-တမူးလမ်းကြောင်းမှာ စစ်ရေးတင်းမာနေတဲ့ အတွက် အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် တမူး-ကလေးလမ်းပိုင်းကို အသုံးမပြုကြဖို့ တမူး PDF က သတိပေးထားပါတယ်။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ယောက်ထက်မနည်း ရှိလာကာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၉ လုံးထက်မနည်း ရှိလာပြီလို့ ကူကီး ကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up