close

ဖာပွန်(မူတြော်)ခရိုင်တွင် CDM လုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဆုငွေချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ ဖာပွန် (မူတြော်) ခရိုင်၊ တပ်မဟာ ၅ နယ်မြေကို CDM လုပ် အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို ဆုငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ကေအန်ယူ မူတြော်ခရိုင်က စက်တင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂၁ ရက်က စစ်ကောင်စီရဲ့ ဖာပွန်ခရိုင်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ၊ အမှတ် ၄၀၁ ခြေမြန်တပ်ရင်းက တပ်သားအဆင့်ရှိ သာလှ (၂၄ နှစ်) နဲ့ ရဲသီဟထွန်း (၂၁ နှစ်) တို့ဟာ စစ်ကောင်စီတပ်ကို စွန့်ခွာကာ 3A−4 လက်ဖြောင့် သေနတ် ၁ လက်၊ ကျည် ၁၆ တောင့်နဲ့အတူ ကော်သူးလေ တပ်မဟာ ၅ တာဝန်ရှိသူတွေဆီ CDM လုပ် အလင်းဝင်ရောက်လာခဲ့တာပါ။

CDM လုပ် လာရောက်ပူးပေါင်းရာမှာ လက်နက်ယူဆောင်လာတဲ့ တပ်သား သာလှကို ငွေကျပ် ၁၅ သိန်းနဲ့ လက်နက်မယူဆောင်လာတဲ့ တပ်သား ရဲသီဟထွန်းကို ငွေကျပ် ၅ သိန်း ဆုငွေပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

မတရားအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲတွေက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေတာ၊ ပြည်သူတွေရဲ့ အိုးအိမ်စည်စိမ်းတွေကို မီးရှို့ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို မနှစ်မြို့တဲ့အပြင် ရှေ့တန်းရောက်စစ်သည်တွေဟာ အနေဆင်းရဲ အစားဆင်းရဲပြီး နောက်တန်းက အထက်အရာရှိတွေက ဇိမ်ကျကျနေထိုင်ကာ ပြည်သူကို ဒုက္ခပြန်ပေးနေတဲ့အပေါ် မနှစ်သက်တော့တဲ့အတွက် CDM လုပ် အလင်းဝင်လာကြတာပါ။

၂၀၂၂ ခုနှစ်အတွင်း တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မနှစ်သက်တော့တဲ့အတွက် ယာယီတပ်ရင်းမှူးအဆင့် ၁ ယောက်၊ ဗိုလ်ကြီး ၄ ယောက်၊ တပ်စုမှူး ၁ ယောက်၊ တပ်ကြပ် ၄ ယောက်၊ ဒုတပ်ကြပ် ၈ ယောက်နဲ့ တပ်သား ၅၂ ယောက် စုစုပေါင်း အယောက် ၇၀ အထိ CDM လုပ် အလင်းဝင်ရောက်လာတယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောထားပါတယ်။

အခုလို ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကို NUG နဲ့ ချိတ်ဆက်ပေးပြီးသွားတဲ့သူတွေ ရှိသလို လက်နက်ပါလာသူတွေ အနေနဲ့ ရရှိတဲ့ချီးမြှင့်ငွေနဲ့ အသက်မွေးဝမ်းကြောင်းအတွက် ရပ်တည်ဖို့ ပြင်ဆင်နေသူတွေရှိတဲ့အပြင် နိုင်ငံခြားထွက်ချင်သူတွေကို စီစဉ်ဆောင်ရွက်ပေးနေတာတွေ ရှိပြီး တဖက်မှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လက်တွဲပြီး ပြန်လည်တိုက်ခိုက်နေသူတွေလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up