မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက မြိုင် ပ.က.ဖနဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။
မြိုင် ပ.က.ဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “မြိုင်မြို့နယ် စက်မှု ၂ က လျှပ်စစ်ဓာတ်အားလိုင်းကို စက်တင်ဘာ ၇ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခဲ့လို့ အဲဒီဓာတ်အားလိုင်းကို လာရောက်ပြင်ဆင်တဲ့ စစ်(...)အင်အား ၇၀ လောက်ကို ပဒေသာမိုင်း အလုံး ၂၀ နဲ့ တိုက်ခိုက်ခဲ့လို့ စစ်(...) ၅ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြိုင်နဲ့ ပခုက္ကူမြို့နယ်တွေက မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ် စက်မှု ၂ ကို ဓာတ်အားပေးပို့နေတဲ့ ၆၆,၀၀၀ ဗို့ ဓာတ်အားလိုင်းနားကို မဆင်မခြင် ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
မြိုင်မြို့နယ်မှာ စက်တင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ၊ ပျူစောထီးတွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ ပျူစောထီး ၄ ယောက်သေဆုံးပြီး စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားတာ မတွေ့သေးပါဘူး။