close

အီရန်အမျိုးသမီးငယ် ဖမ်းဆီးခံရပြီးသေဆုံးမှု စုံစမ်းစစ်ဆေးရန် ကုလလူ့အခွင့်အရေးမင်းကြီး တောင်းဆို

အီရန်နိုင်ငံမှာ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် သတိလစ်မေ့မြောသွားတဲ့ အီရန်အမျိုးသမီးငယ်တယောက်ရဲ့ သေဆုံးမှုကို ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့ ယာယီ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဒါ အလ် နာရှစ်ဖ်က စက်တင်ဘာ ၂၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အီရန်နိုင်ငံ ကာဒစ်စတန်ပြည်နယ်မှာ ဘာသာရေးအရ ဝတ်ဆင်ရတဲ့ ခေါင်းစည်းပုဝါကို မသင့်တော်စွာ ဝတ်ဆင်မှုနဲ့ မြို့တော် တီဟီရန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် မာဆာ အာမီနီရဲ့ သေဆုံးမှုကြောင့် အီရန်နိုင်ငံတဝန်းက မြို့ကြီးအတော်များများမှာ ပြည်သူတွေ ဒေါသထွက်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြပါတယ်။

အာမီနီရဲ့ သေဆုံးမှုကို ကန့်ကွက်တဲ့အနေနဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ဆံပင်တွေကို ညှပ်ချပြတဲ့ ရုပ်သံဗွီဒီယိုတွေ အွန်လိုင်းမှာ မျှဝေနေကြကြောင်း မီဒီယာအများအပြားမှာ ဖော်ပြနေကြပါတယ်။

တွစ်တာအသုံးပြုသူ ဖေဇက်အက်ဖ်ရှန် တင်ထားတဲ့ ဗီဒီယိုတခုမှာ သူ့ရဲ့ ရှည်လျားတဲ့ ဆံပင်ထုံးကို ကတ်ကြေးတချောင်းနဲ့ ဖြတ်ပစ်လိုက်တဲ့ပုံကို ပြသခဲ့ပါတယ်။

“ဒါကိုမြင်လား၊ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတဦးကသူ့ ခေါင်းစည်းပုဝါကို  မှန်မှန်ကန်ကန် မဝတ်ထားလို့ဆိုပြီး 'Hijab ရဲတပ်ဖွဲ့ရဲ့ သတ်တာကို ခံလိုက်ရတယ်။ ဒီမိန်းကလေးက ပထမဆုံး မဟုတ်ဘူး၊ နောက်ဆုံးလည်း မဟုတ်လောက်ဘူး” လို့ အက်ဖ်ရှန်က သူ့ရဲ့ပို့စ်မှာ ပြောထားပါတယ်။

အာမီနီ သေဆုံးမှုနဲ့ပတ်သက်ပြီး အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အိမ်ဖြူတော်က ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကျင့်သုံးမှုကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ဖို့ အီရန်ကို တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up