ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီးမှာ စက်တင်ဘာ ၂၂ ရက် မနက် ၆ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း-၃ က ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို နယ်မြေကျူးကျော်ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ သထုံခရိုင် PDF တပ်ရင်း-၃ နဲ့ ကျိုက်ထိုတော်လှန်အင်အားစု (KRF) ပူးပေါင်းအဖွဲ့က ပဒေသာမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကားတစီး ထိမှန်ပြီး လမ်းဘေးထိုးကျခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လူမှုကယ်ဆယ်ရေးကားတွေ ဆက်တိုက် ဖြတ်သန်းသွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေ ရှိနေတယ်လို့ ကြားရပေမဲ့ အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြီးခဲ့တဲ့လပိုင်းကမှ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုသာန်မှာ လက်နက်ကြီးထိုင် တပ်စွဲထားတဲ့ စစ်ကောင်စီ ကင်းစခန်းကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု အင်္ဂဘိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံတယောက် ထိခိုက်ဒဏ်ရာရရှိထားပြီး ကျေးရွာအတွင်းရှိ ဓာတ်မီးတိုင်တချို့လည်း ပြိုကျပျက်စီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ် အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။