close

ထိုင်းနိုင်ငံ၊ မယ်ဖာ့လုန်တွင် တရားမဝင်တရုတ်နိုင်ငံသား ၉ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ်ထဲမှာ တရားမဝင်တရုတ်နိုင်ငံသား ၉ ဦးကို ကားပေါ်တင်လာခဲ့တဲ့ ထိုင်းရွာသူကြီး ဖမ်းဆီးခံရတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက နယ်စပ်လုံခြုံရေး တာဝန်ယူဆောင်ရွက်နေတဲ့ ရဲနဲ့စစ်တပ် ပူးပေါင်းတာဝန်ရှိအဖွဲ့ဟာ ဒေသတွင်းစောင့်ကြပ်စစ်ဆေးစဉ် ညနေ ၃ နာရီလောက်မှာ မြန်မာနယ်စပ် မယ်ဖာ့လုန်တိုက်နယ် လိဆေးရွာဘက်ကနေ အနက်ရောင်ဟိုင်း လပ်စ်ကား တစီး ဝင်လာတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ  ယာဉ်မောင်းမှာ အသက် ၄၈ နှစ်ရွယ်ရှိ မယ်ဖာ့လုန် တိုက်နယ်သူကြီးဖြစ်သူ နိုင်းထနားဖွန်း ဝိဆစ်ကျာလို့ ဖြစ်ပြီး ကားပေါ်မှာ အမျိုးသား ၉ ဦး တင်ဆောင်လာကာ သူတို့ ၉ ဦးလုံး ထိုင်းစကားနားမလည်လို့ အသေးစိတ်ထပ်စစ်ဆေးခဲ့ပါတယ်။ 

တိုက်နယ်သူကြီးက သူတို့ ၉ ဦးလုံး ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဘက်ကနေလာကြောင်း၊ တာချီလိတ်မြို့နယ် ဖာခေါင်ရွာမှာလာတည်းပြီး ထိုင်းဘက်ခြမ်း လိဆေးရွာဘက်ကို အငှါးဆိုင်ကယ်တွေနဲ့ တောလမ်းကနေ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ 

ဆိုင်ကယ်သမားက သူတို့ ၉ ဦးအား တဦးကို ဘတ် ၁၀၀၀ နှုန်းနဲ့ မယ်ဆိုင်အထိပို့ပေးဖို့ ပြောတာကြောင့် တင်ဆောင်လာတာလို့  ဖွင့်ဟဝန်ခံပါတယ်။ 

မယ်ဆိုင်ရောက်ရင် နောက်ထပ်ကယ်ရီရှာပြီး ချင်းရိုင်းမြို့နယ်ထိ ဆက်သွားဖို့ဖြစ်ကြောင်း၊ ဆက်လက်စစ်ဆေးရာမှာ တရုတ်နိုင်ငံ ကွမ်းဆီးပြည်နယ်သားတွေဖြစ်ပြီး တချို့က နိုင်ငံကူး လက်မှတ်ရှိကာ အချို့က တရုတ်အလုပ်သမားမှတ်ပုံတင်ကတ်ရှိကြောင်း၊ အသက် ၂၅ နှစ်မှ ၂၈ နှစ်ရွယ်တွေဖြစ်ပြီး တယ်လီဖုန်း ၄၅ လုံးနဲ့ ငွေသားအချို့ပါတွေ့ရှိကြောင်း၊ Call Center (အွန်လိုင်းလိမ်လည်မှု) အလုပ်လုပ်ပြီး တာချီလိတ်ရဲတွေကို တိမ်းရှောင်လာတာလို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up