close

ရုရှားသမ္မတ၏ စစ်မှုထမ်းခေါ်သည့်အမိန့်ကို ဆန့်ကျင်ဆန္ဒပြသူ ၂,၃၀၀ ကျော် ဖမ်းဆီးခံရ

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံး စစ်မှုထမ်းခေါ်ယူဖို့ သမ္မတ ဗလာဒီမာပူတင်ရဲ့ အမိန့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ရုရှားနိုင်ငံတဝန်းက ဆန္ဒပြပွဲတွေမှာ လူပေါင်း ၂,၃၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက “ယူကရိန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခြေအနေမှာ ရုရှားဖက်ဒရေးရှင်း အာဏာပိုင်တွေက အရန်စစ်မှုထမ်းတွေ ခေါ်ယူကြောင်း ကြေညာလိုက်ပြီးနောက် ဆန္ဒပြမှုတွေ ရှိလာတဲ့အတွက် လူအများအပြား ဖမ်းဆီးခံထားရတာကို အလွန်စိတ်ပျက်ရကြောင်း” ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ယုံကြည်ရလောက်တဲ့ အစီရင်ခံစာတွေအရ နိုင်ငံတဝန်း နေရာတော်တော်များများမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကတည်းက ဆန္ဒပြသူ ၂,၃၇၇ ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ဘယ်လောက် အတိအကျ ထိန်းသိမ်းခံနေရတယ် ဆိုတာကို မသိရသေးကြောင်းလည်း ပြောပါတယ်။

မတရား ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် အခွင့်အရေးတွေကို လေးစား အာမခံပေးရမယ့် သူတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လိုက်နာပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားကြောင်းလည်း ရှမ်ဒါဆာနီက ပြောပါတယ်။

ယူကရိန်းစစ်တပ်က ပြတ်ပြတ်သားသား တန်ပြန်ထိုးစစ် ဆင်လာပြီးနောက်မှာ ယူကရိန်း ရှေ့တန်းမှာ အခြေအနေ ကောင်းလာစေဖို့အတွက် လူသစ်စုဆောင်းခေါ်ယူတဲ့ ပူတင်ရဲ့ အမိန့်ထုတ်ပြန်ချက်ကြောင့် နိုင်ငံတဝန်းရှိ မြို့အများအပြားမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up