မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု လက်မခံနိုင်ဟု ဂျပန်ပြော

မြောက်ကိုရီးယားရဲ့ ထပ်ခါတလဲလဲ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နေမှုဟာ လုံးဝလက်မခံနိုင်စရာ ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုကဇု မတ်ဆုနိုက စက်တင်ဘာ ၂၉ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် နှောင်းပိုင်းက ပြုံယမ်းရဲ့ လောလောလတ်လတ် ဒုံးကျည်အများအပြား ပစ်လွှတ်မှုကို ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံရာမှာ အမေရိကန် အပါအဝင် နိုင်ငံတွေနဲ့ အနီးကပ်ဆက်ဆံရေးကို ဂျပန်က ထိန်းသိမ်းသွားမယ်လို့ ပြောပါတယ်။
“အခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်လိုက်မှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့က ခက်ခဲပါကြောင်း၊ သူတို့ရဲ့ ရည်ရွယ်ချက်ကို ထည့်မတွက်ရင်တောင်မှ မြောက်ကိုရီးယားရဲ့ ထပ်တလဲလဲ ဒုံးကျည်ပစ်လွှတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ပြီး လုံးဝ လက်သင့်မခံနိုင်ကြောင်း” မတ်ဆုနိုက ပြောပါတယ်။
ဒုံးကျည်နည်းပညာမှာ မြောက်ကိုရီးယားရဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုကို လျစ်လျူရှုမထားနိုင်ကြောင်းလည်း သူက ဆိုပါတယ်။
မတ်ဆုနိုက “မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဂျပန်ဟာ လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်း ခွဲခြမ်းစိတ်ဖြာဖို့ အစွမ်းကုန် အားထုတ်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားကို သတိနဲ့ စောင့်ကြည့်နေမှာဖြစ်ကြောင်းနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားမှာဖြစ်ကြောင်း” ပြောပါတယ်။
အမေရိကန်ဒုသမ္မတ ကမ်မလာ ဟားရစ်ဟာ ကြာသပတေးနေ့ အစောပိုင်းမှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်ကို ရောက်ရှိလာခဲ့ပြီး ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) ကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။