မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု ဂျပန် ပြင်းပြင်းထန်ထန် ရှုတ်ချ

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို အောက်တိုဘာ ၁ ရက်က ပစ်လွှတ်လိုက်ခြင်းကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
မနက် ၆ နာရီမှာ မြောက်ကိုရီးယားက ဒုံးကျည် ၂ စင်းကို သူ့ရဲ့အနောက်ဘက်ကမ်းရိုးတန်းဒေသ ကနေ အရှေ့ဘက်ကို ဦးတည်ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဒုံးကျည်တွေဟာ မြောက်ကိုရီးယားရဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသတဝိုက်မှာ ပြုတ်ကျခဲ့ပြီး ဒါဟာ ဂျပန်ရဲ့ သီးသန့် စီးပွားရေးဇုန် (EEZ) ရဲ့ အပြင်ဘက်လို့ ဂျပန်ရဲ့ ပြည်နယ်ကာကွယ်ရေးဝန်ကြီး တိုရှီရို အီနို က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အရင်က တပတ်တည်းကို ၄ ကြိမ် ပစ်လွှတ်တာမျိုး မရှိခဲ့ဖူးကြောင်းနဲ့ ဒီလိုရန်စပြီး ထပ်ခါတလဲလဲ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုတွေကို တဖက်သတ် အရှိန်မြှင့်မှုတွေ အပါအဝင် မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ဒီနိုင်ငံ၊ ဒီဒေသနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အဲဒါကို လုံးဝ သည်းခံလို့ မရပါဘူးလို့ ပြည်နယ်ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
တိုကျိုဟာ မြောက်ကိုရီးယားကို သံတမန်လမ်းကြောင်းတွေကတဆင့် ကန့်ကွက်ဆန္ဒပြခဲ့ ကြောင်းနဲ့ ဒုံးကျည်တွေဟာ ဒုံးကျည်ကာကွယ်ရေးကို ရှောင်ရှားဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းအတိုင်း ပျံသန်းသွားနိုင်ကြောင်းလည်း အီနိုက ပြောပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်ရေတပ်တို့ဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်က ၃ နိုင်ငံ ရေအောက်တိုက်ပွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။