close

ပုသိမ်မြို့ရှိ စစ်တပ်ပိုင် Mytel ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွားလုပ်ငန်းတခုဖြစ်တဲ့ Mytel ကုမ္ပဏီရုံးကို  အောက်တိုဘာ ၂ ရက်ည ၇ နာရီကျော်လောက်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

မနေ့ည ၇ နာရီ ၄၅ မိနစ်လောက်က  အမှတ် ၂ ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် ၁ တံတား ဘောတံတားဝင်းရှေ့က  အောင်ဧရာကုန်စည်ဝင်းမှာရှိတဲ့    Mytel ရုံး ဗုံးခွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒီဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ကန်ကြီးထောင့် ပကဖတို့ပူးပေါင်းပြီး နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက “ပညာပေးကာလအနေနဲ့ ဖောက်ခွဲတိုက်တာတွေ ပြုလုပ်နေတာဖြစ်တယ်။ သတိပေးထားတဲ့သူတွေအနေနဲ့ မလိုက်နာရင် ထိထိရောက်ရောက် တိုက်ခိုက်သွားတော့မယ်”လို့ ပြောပါတယ်။

ဒီဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေ ရှိ၊ မရှိနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ပုသိမ်မြို့ခံတဦးက “ည ၇ နာရီကျော်လောက် အသံအကျယ်ကြီး ကြားလိုက်တယ်။ ဗုံးပေါက်တယ်ကြားတယ်။ ဖြစ်တာ ကမ်းနားလမ်းပေါ်က MyTel လို့ ကြားတယ်၊ ဖြစ်ပြီးတော့ သူတို့ အင်အားအများအပြားနဲ့ ပိတ်ဆို့ ရှာဖွေတာတွေလုပ်နေတယ်။ လူထိလား မထိလား သေချာမသိဘူး"လို့ ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတဲ့နေရာဟာ  KBZ ဘဏ်နဲ့လည်း နီးတယ်လို့ ပုသိမ်မြို့ခံတွေထံကနေ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို အပြည့်အဝအားပေးထောက်ခံနေပြီး ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတဲ့ KBZ ဘဏ်တွေကိုလည်း စစ်ကောင်စီရဲ့ အဓိကဒေါက်တိုင်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့  Pathein Special Task Force က သတိပေး ထုတ်ပြန်ထားပါတယ်။

နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ စီးပွာရေးဒေါက်တိုင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို  အဓိက ပစ်မှတ်ထား တိုက်ခိုက်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ပုသိမ်မြို့မှာ စက်တင်ဘာလကုန်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာနရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up