close

ရဟတ်ယာဉ်အမှုအတွက် စီမံဘဏ္ဍာဒုတိယ၀န်ကြီးကို စစ်ဆေး

ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာ ၃ ရက်နေ့က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ “စီမံဘဏ္ဍာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်းကို ရဟတ်ယာဉ်နဲ့ ပတ်သက်ပြီး စွဲထားတဲ့ အဂတိ ငါးမှုလုံးအတွက် စစ်ဆေးခဲ့တယ်” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ လည်း သိရပါတယ်။

မနက်ဖြန် အောက်တိုဘာ ၄ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာငါးသိန်းခွဲ လာဘ်ယူတယ်လို့ စွပ်စွဲ တရားစွဲဆိုထားတဲ့ အဂတိနှစ်မှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up