ပွဲထွက်ခွင့်မရသဖြင့် စီရော်နယ်ဒို မပျော်မရွှင်ဖြစ်နေဟု နည်းပြတန်ဟတ်ဂ်ပြော

တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေလို့ မပျော်မရွှင် ဖြစ်နေကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီမှာ လူစားဝင်ကစားခွင့်တောင် မရခဲ့လို့ ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။
အိုမိုနီးယားနီကိုရှားနဲ့ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြ တန်ဟတ်ဂ်က ရော်နယ်ဒိုရဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဖြေကြားခဲ့တာပါ။
“ကျနော်တို့အားလုံး သိရှိထားသလိုပဲ၊ သူက ပြိုင်ဆိုင်လိုစိတ်ရှိတဲ့သူ ဖြစ်တယ်။ သူ ပွဲကစားခွင့်မရလို့ မပျော်မရွှင်ဖြစ်နေတာ အမှန်ပါပဲ။ ဒါပေမဲ့ သူဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားနေသလို စိတ်ပိုင်းဆိုင်ရာအရလည်း တက်ကြွနေတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကိုပဲ ထုတ်ပြနေတယ်။ ဒါက ကျနော်တို့ မျှော်လင့်ထားတဲ့ စိတ်ဓာတ်ပါပဲ” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
စီရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရပေမဲ့ ယူရိုပါလိဂ်မှာတော့ ပွဲထွက်ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရရှိနေပါတယ်။