close

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပမည့်နေရာကို ဒေသခံ PDF မိုင်းဖောက်ခွဲ

ထားဝယ်မှာ စစ်ကောင်စီက စီစဉ်နေတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပမယ့် နေရာမှာ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီကျော်က မိုင်းဖောက်ခွဲခဲ့တယ်လို့  ထားဝယ်မြို့ပြပြောက်ကျား (Guerrilla Dawei) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။  

တိုင်းအဆင့်အခမ်းအနားအနေနဲ့ ထားဝယ်မြို့ တလိုင်းမရပ်၊ ကမ်းနားလမ်း သဲကွင်းမှာ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ ထားဝယ်ရိုးရာ သပိတ်မျှော ပွဲတော်ကို ကျင်းပဖို့ရှိနေပါတယ်။

အဘက်ဘက်ကနေ ခုခံတော်လှန်စစ်ကြောင့် ထိခိုက်နေတဲ့ စစ်ကောင်စီက လူထုကို လူသားဒိုင်းသဖွယ် အသုံးချပြီး ထားဝယ်ရိုးရာသပိတ်မျှောပွဲကို လိမ်ညာ ကျင်းပဖို့ အသည်းအသန်စီစဥ်နေပါတယ်လို့ Guerrilla Dawei တာဝန်ရှိသူက ပြောပါတယ်။

"သပိတ်မျှောပွဲကျင်းပနေချိန်မှာ ဖောက်ခွဲရင် အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ အထိနာမှာ သိပေမဲ့ ပြည်သူတွေပါ အသက်အန္တရာယ် ထိခိုက်မှာ စိုးတဲ့အတွက် ကြိုတင်ဖောက်ခွဲ သတိပေး လိုက်တယ်။" 

မိုင်းပေါက်ကွဲမှုကြောင့် ဖျော်ဖြေရေးမဏ္ဍပ်ကြမ်းခင်းနဲ့ ခေါင်မိုး ထိခိုက်ပျက်စီသွားပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

သပိတ်မျှောပွဲကျင်းပမယ့် ချိန်နီးလာချိန်မှာ ပွဲတော်ကျင်းပမယ့် နေရာနားက နေအိမ်တွေကို ညတိုင်းနီးပါး ဧည့်စာရင်းစစ်နေတယ်လို့ သိရပါတယ်။

နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိတဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် မကျင်းပဘဲ ရပ်နားထားတာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up