မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှု ပြန်စရန် အမေရိကန်ကို တရုတ် တိုက်တွန်း

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း နောက်ထပ်ပစ်လွှတ်ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြန်စဖို့ အခြေအနေတွေ ဖန်တီးသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။
အခုလို ဒုံးကျည်ပစ်လွှတ်မှုဟာ မကြာခင်ရက်တွေအတွင်း ၇ ကြိမ်မြောက်ဖြစ်ပြီး အမေရိကန်နဲ့ သူ့ မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် သတိပေးတပ်လှန့်ခဲ့ရ တာပါ။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှု အောက်တိုဘာ ၇ ရက်က ပြီးဆုံးပြီးတဲ့နောက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အရင်နေ့က တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားရဲ့ ဗုံးကြဲလေ့ကျင့်မှုကို တုံ့ပြန်တဲ့ အနေနဲ့ တိုက်လေယာဉ်တွေ ပျံတက်လေ့ကျင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေကို အောက်တိုဘာ ၇ ရက်က ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းနဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက အောက်တိုဘာ ၉ ရက်မှာ ဒုံးကျည်ပစ်လွှတ်တာတွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါ အမေရိကန်နဲ့ သူ့မဟာမိတ်တွေက ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်မှာ ကျင်းပတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အကြောင်းပြခဲ့ပါတယ်။
"အမေရိကန်ရဲ့ နှုတ်ထွက်စကားဟာ သူ့ရဲ့ လုပ်ရပ်နဲ့ ကိုက်ညီသင့်ပြီး၊ မြောက်ကိုရီးယား အပေါ် ကောင်းတဲ့သဘောထား ရပ်တည်ချက်နဲ့ လုပ်ဆောင်သင့်သလို အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြန်စဖို့ အခြေအနေတွေကို ဖန်တီးသင့်ပါတယ်"လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။