close

မုံရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများလိုက်ပါလာသည့် အိမ်စီးကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက်မှာ အောက်တိုဘာ ၁၁ ရက် မနက် ၁၂ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ အိမ်စီးကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ကားပျက်စီးသွားပြီး ၃ ယောက် သေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အဲဒီအိမ်စီးကားဟာ မုံရွာမြို့ ကညနရုံးအတွင်းကနေ ထွက်ခွာလာစဉ် နတ်လူထိပ္ပန်ရပ်ကွက် မင်းကျောင်းလမ်းထိပ်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာလို့ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ Monywa The Boy အဖွဲ့ဝင်တယောက်က “အဲဒီကားက သူတို့ ကင်းပုန်းပတ်တဲ့ အိမ်စီးကားပါ။ အရပ်ဝတ်နဲ့ လှုပ်ရှားတာများတယ်။ ကျနော်တို့ အတိအကျ သိထားတာကြာပြီ။ သေချာစောင့်ပြီးမှ တိုက်ခိုက်ခဲ့တာ။ မိုင်း ၅ လုံးသုံးပြီး ဖောက်ခွဲခဲ့တာပါ။ ကားကတော့ ဘီးတွေကျွတ်ထွက်သွားပြီး ခေါင်းတခြမ်းလုံး ကြေမွသွားတယ်။ ကားပေါ်က စကစ ၃ ကောင်လည်း သေတယ်။ ကျန်တဲ့တခြားကောင်တွေ ဒဏ်ရာရသွားတာရှိတယ်” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲပြီးနောက် ‌ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Monywa The Boy၊ Golden Eagle Force Monywa၊ Farmers Revolution Force တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ကလည်း မုံရွာမြို့ပေါ် ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူပေးနေတုန်း ပစ်ခတ်ခံရပြီး ၂ ‌ယောက် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up