close

ဖမ်းမိသစ်များအား နေအိမ်မီးရှို့ခံရသည့် ပြည်သူများအတွက် အသုံးပြုမည်ဟု ယင်းမာပင် PDF ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်ခိုးထုတ်တာတွေကို တားဆီးအရေးယူရာမှာ ဖမ်းဆီးရမိတဲ့ သစ်တွေကို ဒေသတွင်းရှိ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေက ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးမှာ ယာယီနေအိမ်တွေ ဆောက်လုပ်ဖို့ အသုံးချသွားမယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၁ က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တာဝန်ပေးချက်အရ အလောင်းတော်ကဿပနယ်မြေ သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းရတာဖြစ်ပြီး သစ်တောအတွင်း သစ်ခိုးထုတ်သူတွေဆီက ဖမ်းဆီးရမိတဲ့သစ်တွေကို CDM ပြုလုပ်ထားတဲ့ ဆင်တွေနဲ့အတူ ဆင်ဦးစီးတွေရဲ့ အကူအညီနဲ့ ဆွဲယူစုဆောင်းနေတယ်လို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၁ တာဝန်ခံက “NUG ကနေ ဗိုလ်သံမဏိကို အလောင်းတော်သစ်တောကြိုးဝိုင်း ထိန်းသိမ်းဖို့ရာ တာဝန်ပေးအပ်ခဲ့တာတော့ ကြာပြီပေါ့။ နောက် ဗိုလ်သံမဏိကနေ ဒီအလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းဖို့အတွက်ဆိုပြီး ကျနော်တို့ကို တာဝန်ပေးတာကတော့ ၂၀၂၁ ခုနှစ် ဩဂုတ်လပိုင်းကနေ စပြီးတာဝန်ပေးတယ်။ အဲ့ဒီကနေစပြီးမှ ကျနော်တို့ ထိန်းသိမ်းခဲ့တယ်။ အခက်အခဲကတော့ များစွာရှိတာပေါ့။ အာဆီယံအမွေအနှစ်ဖြစ်တဲ့ ဒီသစ်တောကို ဝိသမလောဘသားတွေက ခိုးခုတ်ရာမှာ တားဆီးတဲ့အပိုင်းအနေနဲ့ အခက်အခဲရှိတယ်။ အမုန်းလည်းခံရတယ်။ ခိုးခုတ်သူတွေကို ဖမ်းမိရာမှာလည်း အသိပညာပေးတာနဲ့ ထိုက်သင့်တဲ့ မနစ်နာလောက်တဲ့ ပြစ်ဒဏ်ပေးပြီး ပြန်လွှတ်လိုက်တာ များပါတယ်။ ဖမ်းမိတဲ့သစ်တွေကိုတော့ သိမ်းဆည်းထားလိုက်တယ်။ ဒီသစ်တွေကို CDM ဆင်တွေနဲ့ဆွဲပြီး စုဆောင်းနေဆဲပဲ။ ဒါတွေဟာ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့လို့ မီးဘေးသင့်ခဲ့တဲ့ ဒေသတွင်းက ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ အသစ်အနေနဲ့ကတော့ ကျနော်တို့လည်း မခုတ်ဘူး။ လာခုတ်တဲ့လူမှန်သမျှလည်း ကျနော်တို့က တားဆီးတယ်” လို့ ပြောပါတယ်။

အရင်က တရားမဝင်ခိုးခုတ်တဲ့ သစ်တွေကို ကားတွေနဲ့ သယ်ယူကူးသန်းမှုတွေရှိပေမဲ့ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်မှုကြောင့် ယင်းမာပင်မြို့နယ် တောင်ဘက်ခြမ်းရှိ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်းမှာ သစ်ခိုးခုတ်မှုတွေ အရင်ကထက် လျော့နည်းလာတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့မှ ဒေသခံတယောက်က “အခုနောက်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ နေရာဘက်တွေမှာ သစ်တောထဲ ခိုးခုတ်တာတော့ အရင်ကထက်စာရင် နည်းလာတယ် ပြောရမှာပဲ။ အရင်ကဆို ကားကြီး ကားငယ်နဲ့ ခိုးသယ်တာတွေရှိတယ်။ အခုလို ထိန်းချုပ်လိုက်တော့ သစ်ခိုးထုတ်တဲ့ဘက်က မကျေနပ်မှုတွေ ဘာတွေလည်း ရှိတယ်။ ဒါပေမဲ့ မထိန်းချုပ်လို့လည်း မရဘူး။ ကြာရင် သစ်တောပြုန်းတီးတော့မှာ။ ဖမ်းမိတဲ့သစ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့လို့ ဆုံးရှုံးသွားတဲ့ ပြည်သူအတွက် အသုံးချမယ်လို့ ရည်ရွယ်ထားတာကတော့ အသင့်တော်ဆုံးနဲ့ အဖြစ်သင့်ဆုံး လုပ်ဆောင်ချက်ပါ” လို့ ပြောပါတယ်။

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းဟာ စတုရန်းမိုင် ၆၁၆ ဒသမ ၈၄၃ မိုင် ကျယ်ဝန်းကာ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းမှာ တည်ရှိပြီး အာဆီယံအမွေအနှစ် အဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသားဥယျာဉ်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up