close

ထိုင်းတွင် မူးယစ်ဆေးစစ်ဆင်ရေးနှင့် လက်နက်ထိန်းချုပ်ရေး ဥပဒေအချို့ ပြင်ဆင်

ထိုင်းနိုင်ငံမှာ မူကြိုကျောင်းပစ်ခတ်မှုပြဿနာ ဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ လက်နက်ထိန်းချုပ်ရေးကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုတ်ကျန်အိုးချား၊ ပြည်ထဲရေးဝန်ကြီး အနုဖုန်း ဖောင်ကျင်းဒါးတို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါဝင်တဲ့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးစစ်ဆင်ရေးနဲ့ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေးတရပ်ကို မနေ့ အောက်တိုဘာ ၁၂ ရက်က အစိုးရအိမ်တော်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ မူးယစ်ဆေးဝါး ထိန်းချုပ်နှိမ်နင်းရေးအတွက် မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် အစရှိတဲ့ ကုန်ကြမ်းဓာတုပစ္စည်းတွေ တင်သွင်းတာ၊ တင်ပို့တာတွေကို ထိန်းချုပ်ကြပ်မတ်ဖို့၊ မူးယစ်ကုန်ကူးဂိုဏ်းတွေကို ဖြိုခွဲအရေးယူပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ၊ မူးယစ်ဆေးစွဲသူကို လူနာအဖြစ်သတ်မှတ်ပြီး ဆေးဖြတ်စခန်းပို့ဆောင်တာ၊ မိမိပတ်ဝန်းကျင်မှာ ဆေးစွဲနေသူတွေကို လိုက်လံရှာဖွေကာ ဆေးဖြတ်စေတာ၊ မြို့နယ် ရပ်ရွာတိုင်းမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းတာ၊ ဝန်ထမ်းဦးရေ ၁၀၀ အထက်ရှိ ပညာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမူဝါဒ ချမှတ်တာ၊ စိတ်ကြွဆေးပြား ၅ လုံးအထက်တွေ့ရှိက ရောင်းဝယ်သူအဖြစ် သတ်မှတ်အရေးယူတာ စတဲ့အချက်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ထိန်းချုပ်ဖို့အတွက် လက်နက်ဝယ်ယူလိုပါက စိတ်ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန်ဆေးလက်မှတ် ထောက်ခံစာနဲ့ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ စခန်းမှူး၊ တပ်ရင်းမှူး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ရဲ့ ထောက်ခံစာ ရှိရမယ်လို့ ဆိုပါတယ်။

လက်နက် လက်ဝယ်ကိုင်ဆောင်ထားသူအနေနဲ့ သူတို့ရဲ့ လက်နက်ကိုင်ဆောင်ခွင့်ရှိ သက်တမ်း၊ စာရိတ္တပိုင်းတွေ ပြန်လည်စိစစ်ဖို့၊ တာဝန်က အနားယူပြီးသွားသူတွေအနေနဲ့ လက်နက် ဆက်လက်ကိုင်ဆောင်မှုရှိဖို့ လိုမလို ပြန်စိစစ်ဖို့၊ ဥပဒေအရ ထုတ်ပြန်ထားတဲ့ လက်နက်ကိုင်ဆောင်ခွင့်ရှိသူတွေမှာ ရှိရမယ့် အင်္ဂါရပ်နဲ့ညီ၊ မညီ ပြန်စစ်ဖို့၊ မညီညွတ်က လက်နက်ပြန်သိမ်းဖို့ စတာတွေ ပါဝင်ပါတယ်။

တရားမဝင် လက်နက်ကိုင်ဆောင်နေသူတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်တွင်း သက်ဆိုင်ရာကို မိမိဘာသာ လာရောက်အပ်နှံဖို့၊ တာဝန်သိစွာ လာအပ်နှံပါက အရေးယူ အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပြုမယ် စတဲ့အချက်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကိုးကား - thaipost.net

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up