close

မောင်တော ဖားဝပ်ချောင်း နယ်ခြားစောင့်စခန်းရဲမှူးက ဒေသခံများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာ နယ်ခြားစောင့်စခန်းမှာ တာဝန်ကျနေတဲ့ ရဲမှူးက ရွာသားတွေ ရွာမှာ မနေဝံ့အောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားဝပ်ချောင်းကျေးရွာသားတဦးက “ရွာသူရွာသားတွေကို ခေါ်တယ်။ အေအေ တပ်ဖွဲ့ဝင်တွေကို လက်ခံမထားဖို့နဲ့ လက်ခံထားတဲ့ နေအိမ်တွေကို မီးရှို့ပစ်မယ်လို့ ပြောဆိုခြိမ်းခြောက်တယ်။ အရင် မီးလောင်သွားခဲ့တဲ့ လူမနေတဲ့ နေအိမ်တွေကိုလည်း ဘယ်သူမေးမေး အေအေက မီးရှို့တယ်လို့ ပြောရမယ်လို့ လိမ်ညာခိုင်းတယ်” လို့ ပြောပါတယ်။

ရဲမှူး တွင်မင်းစိုးက ရွာမှာ လူမနေဝံ့အောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေသလို အဲဒီစခန်းမှ ဗိုလ်ကြီး ဘန်းဆမ်းမန်း၊ ဗိုလ်လေးကျော်ကျော်နဲ့ သူတို့နောက်လိုက် ဝင်းမင်းသန်းတို့က ရွာသူရွာသားတွေ ရှာလာတဲ့ ငါး၊ ပုစွန်တွေကို အတင်းအဓမ္မ တောင်းယူနေတယ်လို့ ကျေးရွာ ဒေသခံတွေက ပြောပါတယ်။

“သူတို့ကိုယ်တိုင်လည်း ချောင်းကိုသွားပြီး ငါး၊ ပုစွန်တွေ မရှာဝံ့ကြဘူး။ ကျနော်တို့ ရှာလာတာကို အတင်းတောင်းတယ်။ အေအေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းမယ်။ ဘာညာနဲ့ ​ခြိမ်းခြောက်မှုတွေ လုပ်နေတယ်။ လမ်းတွေ ပိတ်ထားတော့ ကိုယ့်ဝမ်းစာကိုယ် ရှာစားနေကြရတာ။ ကျနော်တို့ ငတ်နေသလို သူတို့လည်း ငတ်နေတာဘဲ့။ သူတို့ဘာသာ သွားကြပေါ့။”

ဖားဝပ်ချောင်းကျေးရွာမှာ အိမ်ခြေ ၁၂၀ ကျော်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်မှာ မောင်တောမြို့ပေါ်ကို နေရပ်စွန့်ခွာသွားကြပြီး လက်ရှိမှာ ၁၅ အိမ်လောက်သာ ကျန်ရှိနေတာပါ။

ဖားဝပ်ချောင်း နယ်ခြားစောင့်စခန်းမှာ အင်အား ၄၀ သာရှိပြီး အေအေ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ချိန်က စခန်းအပြင်မထွက်ဝံ့ကြပါဘူးလို့ ဒေသခံက ပြောပါတယ်။

မောင်တောဒေသကို အောက်တိုဘာ ၆ ရက်နေ့က စစ်ကောင်စီက အင်အား  ၆၀၀ လောက် တိုးချလာရာ အေအေတပ်ဖွဲ့ဝင်တွေက ရွာမထိခိုက်စေဖို့ ထွက်သွားကြပြီးနောက်ပိုင်းမှာ နယ်ခြားစောင့်တွေက အခုလို ခြိမ်းခြောက်လာတာလို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up