close

မုံးပေါ်တွင် စစ်ကောင်စီနှင့်KIA တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား၊ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသမှာ အောက်တိုဘာ ၂၅ ရက်နေ့က စစ်ကောင်စီ တပ်မ ၉၉ နဲ့  KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး မုံးကော်ရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် မုံးပေါ်ရွာ ဈေးအနီးက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ မူကြိုကျောင်းနားက အမျိုးသမီး ၁ ဦး စုစုပေါင်း  ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

"အိမ်နားလာကျတာ။ မူကြိုကျောင်းနားလည်း လာကျတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ထိခိုက် ဒဏ်ရရသူတွေထဲက အမျိုးသမီးတယောက်ကတော့ အနည်းငယ်ပြင်းထန်တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ၇ နာရီ ကျော်ခန့်ကစပြီး မုံးပေါ်ဒေသရှိ စီစီဝမ် တာဘန်နဲ့ မျက်နှာချင်းဆိုင် တောင်ကြောတွေဖြစ်တဲ့ ခူးရွာထိပ်မှာတကြိမ်၊ ညနေ ၃ နာရီ ကျော်လောက် နမ့်ခေါင်တောင်၊ လက်ဝါးကားတိုင်ကုန်းမှာတကြိမ် မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ည ၇ နာရီ ၂၀ လောက် မိုင်ဖန်ရွာမှာ တကြိမ် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုင်ဖန်မှာ တပ်စခန်းချထားတဲ့ တပ်မ ၉၉ ကို KIA ဘက်က သွားရောက်တိုက်ခိုက်ခဲ့တာလို့ KIA ရှေ့တန်း သတင်းရင်းမြစ် နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီဝန်းကျင်ကစ ညမိုးချုပ်တဲ့အထိ အဲဒီနှစ်ဖွဲ့ကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ရှင်းပြပါတယ်။

စပါးရိတ်သိမ်းနေတဲ့ အချိန်ကာလ ဖြစ်တာကြောင့် တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာလည်း မုံးပေါ်ဒေသ မှန်ပြောင်းတောင်နဲ့ ယိမ်းလာ တောင်ကြားရှိ နမ့်ဆယ်ပါ တရုတ်ရွာဟောင်းအနီးမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ၂ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မုံးပေါ်ဒေသမှာတော့ စစ်ကောင်စီတပ် တပ်မ ၉၉၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၊ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆၊ မြောက်ပိုင်း မဟာမိတ် ညီနောင်တွေဖြစ်တဲ့ TNLA, MNDAA, SSPP/ SSA တို့ အဓိက လှုပ်ရှားရာနေရာဖြစ်ပြီး အခုနှစ် နှစ်ဆန်းပိုင်းကစ အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up