close

မြောက်ဥက္ကလာပတွင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်မှာနေထိုင်တဲ့ ရာအိမ်မှူး ဦးစိုးစိုးဟာ အောက်တိုဘာ ၂၆ ရက် မနက်က သူရဲ့နေအိမ်ကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားတဲ့လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရာအိမ်မှူး ဦးစိုးစိုးဟာ မနက် ၉ နာရီလောက်က ဆိုင်ကယ်နဲ့ အုပ်ချုပ်ရေးမှူးရုံးကို သွားတဲ့အချိန် စကားဝါလမ်းနဲ့ သဇင်လမ်းထောင့်အရောက်မှာ သေနတ်နဲ့ ၆ ချက်ထက်မနည်း ပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“မ/ဥ (ဌ) ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးအစ အဲ့လို ရာအိမ်မှူး၊ ဘာမှူး ညာမှူးတွေအဆုံး အကုန် ဒလန်လုပ်တာ နာမည်ကြီး၊ အခု ပစ်ခံရတဲ့ကောင်ကလည်း နှစ်ခါရှိပြီ။ ဒီတခါတော့ မသေမချင်းပစ်တာ ဖြစ်လောက်တယ်။ ဒါတောင် ဆေးရုံရောက်သွားသေးတယ်။ သေ မသေ မသိရသေးဘူး။ အဲ့ကောင်က ဒလန်လုပ်တာ တော်တော်နာမည်ကြီးနေပြီ။ သူ လုပ်လို့ ဖမ်းခံရတဲ့သူတွေက အများကြီးလို့ပြောကြတယ်။”

(ဌ) ရပ်ကွက်မှာ စစ်ကောင်စီသတင်းပေး၊ စစ်ကောင်စီရဲ့ဒေါက်တိုင်၊ လက်အောက်ခံ အားပေးသူလို့ နာမည်ကြီးနေတဲ့ ရာအိမ်မှူး ဦးစိုးစိုးကို လွန်ခဲ့တဲ့ ၈ လလောက်က အခုလိုပဲ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပေမဲ့ ဦးနှောက်ကို ရှပ်မှန်တာလောက်ပဲဖြစ်ခဲ့လို့ အသက်သေဆုံးခဲ့တဲ့အထိ မဆိုးရွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုတခေါက်မှာတော့ ခန္ဓာကိုယ်အထက်ပိုင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရထားတဲ့အတွက် သေဆုံးဖို့များတယ်လို့ အခင်းဖြစ်နေရာအနီးမှာရှိသူတချို့က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အခင်းဖြစ်တဲ့ အနီးတဝိုက်က လမ်းတွေကို ပိတ်ဆို့စစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up