close

ထီးလင်းမြို့နယ် အိုင်းမရွာကို စစ်ကောင်စီတပ်က မီးရှို့

အောက်တိုဘာ ၇ ရက်က ထီးလင်းမြို့နယ် သရခါရွာက ဒေသခံနေအိမ် ၆ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အိုင်းမရွာမှာ  ရွာသားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိုင်းမကျေးရွာက ဦးချစ်စရာ၊ ဦး‌အောင်လင်းနဲ့ ဦးမိုးကျော်တို့ရဲ့ နေအိမ်တွေ အပါအဝင် ဒေသခံနေအိမ် ၆ လုံးနဲ့ အိုင်းမရွာနဲ့ ၂ ဖာလုံလောက်ဝေးတဲ့ ချောင်းပေါက်လမ်းခွဲက ဆိုင်ခန်း ၂ ခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြတယ်လို့‌ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းမှာပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေဖြစ်ပြီး ရွာတွင်းရှိ ဒေသခံနေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ခိုးယူပြီး ထီးလင်းမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ အိုင်းမကျေးရွာမှာ ဒေသခံလူနေအိမ် ၁၅၀ ဝန်းကျင်ရှိပြီး လူဦးရေ ၆၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။

ထီးလင်းနယ် ဒေသခံတယောက်က “မနေ့က နေ့လယ်ပိုင်းကစပြီး စာသင်ကျောင်းဘက် MPT တာဝါတိုင်အနီးက‌နေ စစ်ကြောင်းဝင်တာ။ ဒီနေ့မနက်ပိုင်းမှာ စစ်ကြောင်း ပြန်လည်ထွက်ချိန်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားကြတာ။ ဒေသခံတွေကတော့ ပြေးနေကြရတယ်။ တချို့‌တော့ ရွာထဲပြန်ဝင်ကြပါပြီ။ တချို့ကတော့ ကြောက်လို့ မပြန်ရဲကြသေးဘူး။ အခုကတော့ အိုင်းမရွာက ပထမဆုံးအကြိမ် မီးရှို့ခံရတာပေါ့” လို့  ပြောပါတယ်။

အောက်တိုဘာ ၇ ရက်ကလည်း ထီးလင်းမြို့နယ် သရခါရွာက ဒေသခံနေအိမ် ၆ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၆၀ လောက် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up