close

ရေးမြို့တွင် စစ်ကောင်စီက နယ်မြေရှင်းလင်း၊ ရေး-သံဖြူဇရပ်ကားလမ်း၌ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးအရှေ့ဘက် ကမ်းနီးကိုင်းတောရွာဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက် ညနေဘက်မှာ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ်းနီးကိုင်းတောရွာဘက်က PDF တွေရဲ့ လှုပ်ရှားနယ်မြေဖြစ်ပြီး အခု စစ်ကောင်စီဘက်က အင်အားသုံးပြီး PDF တွေကို နယ်မြေရှင်းလင်းရေး  စတင်လုပ်ဆောင်လာတာပါ။

ဒေသခံရွာသားတယောက်က “ကမ်းနီးကိုင်းတောရွာဘက်က စစ်တပ်အင်အား ၂ဝဝ လောက်ရှိမယ်၊ တက်လာတယ်။ အဲဒီဘက်က ရွာကလူတွေတော့ အခု အသွားအလာ မလုပ်ရဲကြပါဘူး။ ခြံသမားတွေ အများစုဖြစ်ကြတယ်။ ခြံလုပ်ငန်းလည်း မလုပ်ရဲဘူး။ စစ်တပ်က လောလောဆယ် ဘာအန္တရာယ်မှ မပြုသေးပေမဲ့ သတိရှိပြီး နေရတယ်” လို့ ပြောပါတယ်။

အခုလက်ရှိ အခြေအနေမှာ ဒေသဆိုင်ရာ PDF တွေက စစ်ရေးအရှိန်မြှင့်မယ်လို့ ထုတ်ပြန်ပြောဆိုပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားနေပေမဲ့ PDF တွေနဲ့ လတ်တလော ထိတွေ့မှုတော့ မရှိသေးပါဘူး။

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းမှာ စစ်ကောင်စီယာဉ် ၁၉ စီးပါ ယာဉ်တန်းကို အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီယာဉ် ၁၉ စီးဟာ သံဖြူဇရပ်မြို့ဘက်ကနေ ရေးမြို့ဘက်သို့ သွားနေတုန်း ဝဲခမိရွာနဲ့ ရွာသာယာအေးရွာအကြားမှာ ခြုံခိုတိုက်ခိုက်ခံရတာပါ။

စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး ရှိနိုင်ပြီး လတ်တလော အတိအကျ မသိရသေးသလို မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း အဆိုပါ စစ်ကောင်စီကားတန်းတွေ ကြားဖြတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်များပြားပြီး လမ်းသွားတဲ့သူတွေကိုလည်း ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား အနည်းဆုံး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရေး-သံဖြူဇရပ် ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ ခြုံခို ကြားဖြတ် တိုက်ခိုက်ခံရပြီး အဆိုပါ တိုက်ပွဲတွေကြောင့် သာမန်အရပ်သားပြည်သူ ၃ ယောက် သေဆုံးခဲ့ပါတယ်။

အဆိုပါ ရေး-သံဖြူဇရပ် ကားလမ်းကို အသုံးပြု သွားလာကြမယ့် ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့ အတူမသွားလာကြဖို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up