ယူကရိန်းကို လက်နက်မထောက်ပံ့ထားဟု တောင်ကိုရီးယားသမ္မတ ပြော

တောင်ကိုရီးယားက ယူကရိန်းကို လူသေစေတဲ့ လက်နက်တွေ မထောက်ပံ့ထားဘူးလို့ သမ္မတ ယွန်းဆွတ်ခ်ယိုးက အောက်တိုဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အောက်တိုဘာ ၂၇ ရက်က မော်စကိုမှာကျင်းပနေတဲ့ ကွန်ဖရင့်မှာ အနောက်နိုင်ငံတွေက ယူကရိန်းစစ်ပွဲကို လှုံ့ဆော်နေတာဖြစ်ပြီး ဒီလိုဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ၂ နိုင်ငံဆက်ဆံရေးကို ပျက်ပြားစေမှာဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
ပူတင်ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ သမ္မတယွန်းက ယူကရိန်းအတွက် ငြိမ်းချမ်းပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တစည်းတလုံးတည်း ပူးပေါင်းဆောင်ရွက်နေပြီး သေစေနိုင်တဲ့ လက်နက်တွေ မပေးထားဘူးလို့ တောင်ကိုရီးယားသမ္မတက သတင်းထောက်တွေကို ပြောခဲ့တာပါ။
ရုရှားအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနဲ့ ငြိမ်းချမ်းပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း သူက ဆိုပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားက ယူကရိန်းကို လူသေစေနိုင်တဲ့ အကူအညီတွေ မပေးဘူးဆိုပြီး ထိန်းသိမ်းထားသလို မြောက်ကိုရီးယားကို စီးပွားရေးအရရော ဩဇာလွှမ်းမိုးမှုရောရှိတဲ့ ရုရှားကို ရန်စသလိုဖြစ်ရပ်မျိုးကို ရှောင်ရှားဖို့ ကြိုးပမ်းတာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။