လက်ဘနွန်နှင့် ရေကြောင်းနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက် အစ္စရေးသဘောတူ

ဝန်ကြီးချုပ်ယာအာလာပစ် ဦးဆောင်တဲ့ အစ္စရေးအစိုးရဟာ အောက်တိုဘာ ၂၇ ရက်က အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ယူပြီးနောက်မှာ အမေရိကန် ကြားဝင်အကျိုးဆောင်ပေးတဲ့ လက်ဘနွန်နဲ့ ရေကြောင်းနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
မနက်ပိုင်းတုန်းက လက်ဘနွန်သမ္မတ မိုက်ကယ်အွန်းဟာ အထင်ကရ အမေရိကန် အကျိုးဆောင်တဲ့ သဘောတူညီချက်ကို အတည်ပြုပေးတဲ့ စာတစောင်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါဟာ အစ္စရေးနိုင်ငံနဲ့ အစ္စရေးအစိုးရအတွက် ကြီးမားတဲ့ အောင်မြင်မှုတခုပါလို့ ဝန်ကြီးချုပ် လာပစ်က ပြောပါတယ်။
အစ္စရေးနိုင်ငံဟာ လုံခြုံရေး၊ စီးပွားရေး၊ သံတမန်ရေးနဲ့ စွမ်းအင်တို့မှာ အောင်နိုင်ခဲ့ပြီလို့လည်း ပြောပါတယ်။
ဒီသဘောတူညီချက်ဟာ ကမ်းလွန်ပင်လယ်ပြင်မှာ စွမ်းအင်ရှာဖွေရေးအတွက် လမ်းဖွင့်ပေးထားပြီး အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု လက်ဘနွန်အဖွဲ့ ဟစ်ဇ်ဘိုလာတို့ကြား ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေရဲ့ အရင်းအမြစ်တခုကို ဖယ်ရှားပေးတဲ့အပြင် လက်ဘနွန်ရဲ့ စီးပွားရေးအကျပ်အတည်းကို သက်သာစေနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
သမိုင်းဝင်အောင်မြင်မှုအဖြစ် ပါတီသုံးခုလုံးက ချီးကျူးခဲ့ကြတဲ့ ဒီသဘောတူညီချက်ကို အစ္စရေးဝန်ကြီးချုပ်က ဂျေရုဆလင်မှာ အစိုးရအဖွဲ့ အစည်းအဝေးအပြီး သီးခြားစီ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။