ထိုင်းနိုင်ငံ ဖူးကတ်တွင် ဝေလငါးအသေ ၁ ကောင်တွေ့ရှိ

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင် ရာချာကျွန်းအနီး ပင်လယ်အော်ထဲမှာ အောက်တိုဘာ ၃၀ ရက်က ဧရာမဝေလငါးအသေတစ်ကောင်မျောလာတာတွေ့ရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ရာချာကျွန်းအနီး လဲမ်ထိုင်းပင်လယ်အော်မှာ အမျိုးအစားမသိ အရွယ်အစားကြီးမားတဲ့ ဝေလငါးအသေတစ်ကောင် မျောပါလာကြောင်း ဖူးကက်ခရိုင် ပင်လယ်သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အကြောင်းကြားတဲ့အတွက် အမှတ် ၃၀၈ ရေတပ်လှေနဲ့ စဘိဘုတ်တစ်စီးလွှတ်ပြီး ကမ်းစပ်အနီးဆွဲလာခဲ့တယ်လို့ ဖူးကက်ခရိုင်ငါးဖမ်း လှေများအဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
ကနဦးစစ်ဆေးချက်အရ အဆိုပါဝေလငါးကြီးမှာ အရှည် ၁၇ မီတာ အလေးချိန် ၃ တန်ခန့်ရှိပြီး သေဆုံးသွားတာ သီတင်း ၃ ပတ်မှ ၄ ပတ်ထိ ကြာမြင့်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဝေလငါးကြီးသေဆုံးရတဲ့အကြောင်းရင်းကိုသိရဖို့အတွက် ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ရှု ဖို့လိုအပ်ကြောင်း၊ ဝေလငါးရဲ့ အမျိုးအစားကိုလည်း မသိရသေးဘူးလို့ ငါးဖမ်းလှေများအဖွဲ့က ပြောပါတယ်။