close

စစ်ကိုင်းနှင့် ကရင်နီဒေသက စစ်ဘေးရှောင်များ အရေးပေါ်ဆေးဝါး၊ စားနပ်ရိက္ခာ လိုအပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြစ်သာအရှေ့ဘက် စစ်ရှောင်စခန်းနေ ပြည်သူတွေ စားနပ်ရိက္ခာနဲ့ အရေးပေါ်ဆေးဝါး အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

အဲဒီ စစ်ဘေးရှောင်စခန်းမှာ ကလေးဘက်ကဒေသခံတွေ စစ်ဘေးရှောင်နေတာဖြစ်ပြီး နေအိမ်တွေကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ထောင်စု ၁၃ စု ထွက်ပြေးတိမ်းရှောင်လာကြရတာပါ။

လက်ရှိမှာတော့ မြစ်သာမြစ်အရှေ့ဘက်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ ဆေးဝါးတွေ မလုံလောက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း စစ်ဘေးရှောင်အမျိုးသားတယောက် ဝမ်းရောဂါနဲ့ သေဆုံးခဲ့ရပါသေးတယ်။

နိုင်ငံခြားဆေးဝါးတွေမရှိလို့ တိုင်းရင်းဆေး (ဆေးမြီးတို) နဲ့သာ ကုသနေရပြီး စားနပ်ရိက္ခာအတွက်လည်း ဆန်အလှူရှင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတယောက်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒေသတွင်း တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်ထဲမှာ စစ်ဘေးရှောင်သူ ၇,၀၀၀ ကျော် ရှိလာနေပြီလို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ် (ကယား) ဆီးဘူးဒေသက ကယန်းပြည်သစ် ဗဟိုဌာနချုပ်အနီး စစ်ဘေးရှောင်စခန်းနေ ပြည်သူတွေလည်း အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူက ပြောပါတယ်။

KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီးမော့ဆိုဒေသကနေ တိမ်းရှောင်လာတဲ့ ပြည်သူတွေ အဲဒီစစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြပြီး အိမ်ထောင်စု ၈၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာတွေ နည်းပါးနေတဲ့အတွက် မကြာခင် ပြတ်တောက်တော့မှာဖြစ်သလို ဆောင်းတွင်းရောက်လာပြီ ဖြစ်တဲ့အတွက် အနွေးထည်တွေနဲ့ အိပ်ရာသုံးပစ္စည်းတွေ လိုအပ်နေကြောင်း၊ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ လာရောက်ကူညီမယ့် အလှူရှင်တွေကို မျှော်နေကြရတယ်လို့ ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒေသတွင်း တိုက်ပွဲတွေကြောင့် ကယန်းပြည်သစ် ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးရှောင်စခန်း ၁၃၀ ရှိပြီး အိမ်ထောင်စုပေါင်း ၈,၉၈၈ စု စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up