close

နွားထိုးကြီး မြို့မရဲစခန်း ဗုံးခွဲခံရပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မရဲစခန်းကို နိုဝင်ဘာ ၁ ရက်၊ မနက် ၈ နာရီလောက်က ဒရုန်းနဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ကင်းစောင့်ရဲသားတယောက်သေဆုံးကာ တယောက် ဒဏ်ရာရတယ်လို့ Natogyi People Defence Force (NPDF) အဖွဲ့က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒေသခံတယောက်က “စခန်းဝင်းထဲ မနက်က ပေါက်ကွဲသံကြားတာ။ မနက်ခင်း လူစည်ကားချိန်တောင် အသံက ကျယ်တယ်ဗျ။ ဘယ်အဖွဲ့ကလုပ်တယ်တော့မသိဘူး”လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသူတယောက်ကလည်း “ဒီဘက်ရက်တွေမှာ Natogyi People Defence Force (NPDF) က စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ဒရုန်းသုံး ဗုံးချ ဖောက်ခွဲ တိုက်ခိုက်တာတွေ လုပ်ဆောင်လာနေတာရှိတယ်” လို့ ပြောပါတယ်။

နွားထိုးကြီးမှာ အောက်တိုဘာ ၃၀ ရက်ကလည်း မြို့နဲ့ ၁၀ မိုင်ဝေးတဲ့ ဝက်လူးကျေးရွာ ရဲစခန်း ဒရုန်းနဲ့ ဗုံးချခံရပြီး ရဲတပ်ဖွဲ့ဝင် ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံခရိုင်မှာ တောင်သာ TTA (ပြောက်ကျားတပ်)၊ နွားထိုးကြီး PDF တို့က စစ်ကောင်စီတပ်စွဲရာ နေရာတွေမှာ ဒရုန်းသုံးပြီး ဗုံးချ ဖောက်ခွဲတိုက်ခိုက်တာတွေ ရက်ဆက်လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up