close

တောင်ကြီးမြို့ ပတ်စ်ပို့ရုံးတွင် ဝန်ထမ်းများ လာဘ်ငွေယူပြီး နိုင်ငံကူးလက်မှတ်လုပ်ပေးနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ ပတ်စ်ပို့လာလုပ်သူတွေထံကနေ ဝန်ထမ်းတွေကိုယ်တိုင် လာဘ်ငွေယူပြီး ပွဲစားလိုလုပ်နေတာကြောင့် ငွေကြေးကုန်ကျမှုက သတ်မှတ်နှုန်းထားထက် နှစ်ဆလောက် ပိုမိုများပြားနေတယ်လို့ နိုင်ငံကူးလက်မှတ်သွားလုပ်သူတွေက ပြောပါတယ်။

အရင်က နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်မယ်ဆိုရင် ကျပ်ငွေ ၃၈,၀၀၀ ကနေ အများဆုံး ကျပ်  ၅၀,၀၀၀ အထိသာ ပေးရပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံကူးလက်မှတ်စာအုပ်တအုပ်ကို အနည်းဆုံး ကျပ်တသိန်းဝန်းကျင် ကုန်ကျနေတယ်လို့ ဆိုပါတယ်။

ပတ်စ်ပို့ရုံးအဝင်ဝမှာတော့ ပွဲစားတွေ လုံးဝမဝင်ရဘူးလို့ ရေးသားထားပေမဲ့ တန်းစီဖို့ တိုကင်ယူပေးတဲ့ ဝန်ထမ်းကို ကျပ်  ၅,၀၀၀ ပေးခဲ့ရတယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တယောက်က ပြောပါတယ်။

တောင်ကြီးမြို့မှာရှိတဲ့ အဲဒီပတ်စ်ပို့ရုံးမှာ နိုင်ငံကူးလက်မှတ် လာလုပ်တဲ့သူ တရက်ကို ၁၅၀ နဲ့ ၂၀၀ ကြားထဲမှာရှိပြီး အောက်တိုဘာလက စတင်လို့ အပြင်ပွဲစားတွေကို ရုံးထဲ ပေးမဝင်တော့ဘဲ ဝန်ထမ်းတွေကိုယ်တိုင်က စာအုပ်အမြန်လိုချင်ရင် တယောက်ကို ကျပ် ၃ သိန်းကျပ်နဲ့ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

အခုလို ပတ်စ်ပို့ လာလုပ်တဲ့ ပြည်သူတွေထံက ငွေယူနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကောင်စီ ပြည်ထဲရေးဌာနနဲ့ နိုင်ငံကူးလက်မှတ်ရုံးတာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်း နိုင်ခြင်း မရှိပါဘူး။  

နိုင်ငံကူးလက်မှတ် လာရောက်လုပ်ဆောင်သူ အများစုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပညာတတ်လူငယ်တွေ အများဆုံးဖြစ်ပြီး အရင်က တရားမဝင် လမ်းကြောင်းတွေကနေ အိမ်နီးချင်းနိုင်ငံတွေကို သွားနေပေမဲ့ အခုနောက်ပိုင်းမှာတော့ ဖမ်းဆီးပြီး နေရပ်ပြန်ပို့တဲ့ကိစ္စတွေ များပြားလာတဲ့အတွက် အခုလို နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး တရားဝင်သွားနိုင်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းတွေ မြင့်တက်လာပြီး ပြည်တွင်းမှာလည်း အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် လူငယ်အများစုက ပြည်ပကိုထွက်ခွာပြီး ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားလာကြတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up