close

တောင်နှင့် မြောက်ကိုရီးယား အပြန်အလှန်ဒုံးကျည်ပစ်ခတ်၊ ဒုံးကျည်ပစ်ခတ်မှု ဂျပန်ကန့်ကွက်

မြောက်ကိုရီးယားရဲ့ နိုဝင်ဘာ ၂ ရက်နေ့က ဒုံးကျည်ပစ်လွှတ်မှုကို လုံးဝလက်မခံနိုင်ကြောင်း ဂျပန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေနဲ့ပစ်ခတ်ပြီး ၃ နာရီအကြာမှာ တောင်ကိုရီးယားဘက်ကလည်း စစ်လေယာဉ်တွေပေါ်ကနေ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်သုံးလုံးနဲ့ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းဆီကို ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဒီမနက် ၈ နာရီ ၅၀ မိနစ်မှာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသကနေ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၂ စင်း ပစ်လွှတ်ခဲ့တယ်လို့ ယူဆရပြီး အရှေ့ဘက်ကို တစင်းနဲ့ အရှေ့တောင်ဘက်ကို တစင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆုကာဇု ဟာမာဒါက သတင်းထောက်တွေကို ပြောပါတယ်။

လောလောဆယ် အသေးစိတ် အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနေတုန်းဖြစ်ပြီး ဒုံးကျည်တွေဟာ ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) အပြင်ဘက် ရေပြင်နဲ့ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းအနီး ဧရိယာမှာ ကျရောက်ခဲ့တယ်လို့ ခန့်မှန်းရကြောင်း ဟာမာဒါက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ အမေရိကန်နဲ့ တောင်ကိုရီးယား အပါအဝင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ငြိမ်းချမ်းတဲ့ အသက်မွေးဝမ်းကြောင်းတွေကို အခိုင်အမာကာကွယ်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်လို့  ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒီအခြေအနေအပေါ် အခြေခံပြီး တန်ပြန်တိုက်ခိုက်နိုင်စွမ်း အပါအဝင် ရွေးချယ်စရာအားလုံးကို လက်တွေ့ကျကျ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပြီးတော့ အခြေခံကျတဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားသွားပါတယ်။

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်တစင်းဟာ တောင်ကိုရီးယားကမ်းရိုးတန်းကနေ ၆၀ ကီလိုမီတာအောက် အကွာအဝေးကို နိုဝင်ဘာ ၂ ရက်က ကျရောက်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ တောင်ပိုင်းရေပိုင်နက်အနီးမှာ ကျရောက်တဲ့ ပထမဆုံး ထင်ထင်ရှားရှား စမ်းသပ်ပစ်ခတ်မှုဖြစ်လို့ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေလည်း ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။

အဲဒီဒုံးကျည်ဟာ မြောက်ကိုရီးယား ကမ်းရိုးတန်းဒေသ ဝန်ဆန်ကနေ ပင်လယ်ထဲကို ပစ်လွှတ်တဲ့ တာတိုပစ် ဒုံးကျည်သုံးစင်းထဲက တခုဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) က ပြောကြားခဲ့ပါတယ်။

“မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့ပြီး တခုဟာ အရှေ့ဘက်ပင်လယ်ရှိ နှစ်နိုင်ငံအကြား ရေပိုင်နက် နယ်နိမိတ်ကန့်သတ်လိုင်း (NLL) ကနေ တောင်ဘက် ၂၆ ကီလိုမီတာအကွာကို ကျရောက်ခဲ့တယ်” လို့ ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) ရဲ့ အမှုဆောင်ဒါရိုက်တာ ဂန်ရှင်းချူးလ်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ ကိုရီးယားကျွန်းဆွယ် ခွဲထွက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် NLL ရဲ့ တောင်ဘက်ရေပိုင်နက်အနီးကို ရှားရှားပါးပါး ကျရောက်ခဲ့တာဖြစ်ပြီး ဒါကို လုံးဝသည်းခံမှာမဟုတ်ဘဲ စစ်တပ်က ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒုံးကျည်ဟာ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဆော့က်ချိုမြို့မှ ၅၇ ကီလိုမီတာအကွာနဲ့ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်ခဲ့တဲ့ Ulleung မှ ၁၆၇ ကီလိုမီတာ အကွာမှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဒီကနေ့ ဒုံးကျည် ၁၇ စင်းလောက် ပစ်ခတ်ခဲ့ပြီးနောက်မှာ  အရှေ့ဘက်ပင်လယ်ထဲကိုလည်း အမြောက်ကျည်ဆန် ၁၀၀ လောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up