close

ယူကရိန်းစွမ်းအင်ကဏ္ဍအတွက် အကူအညီတိုးပေးရေး အီးယူ နည်းလမ်းရှာနေ

ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ တိုက်ခိုက်မှုတွေအပြီးမှာ ယူကရိန်းနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်ခဲ့ရလို့ ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍအတွက် အကူအညီတိုးပေးဖို့ နည်းလမ်းတွေ ရှာနေတယ်လို့ ဥရောပသမဂ္ဂ (အီးယူ) ရဲ့ စွမ်းအင်ဆိုင်ရာ ကော်မရှင်နာ ကာဒရီ ဆင်မ်ဆွန်က နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။

မကြာခင် သီတင်းပတ်တွေတုန်းက ရုရှားက ယူကရိန်း ဓာတ်အားပေးစက်ရုံတွေကို ဒုံးကျည်နဲ့ အရှိန်မြှင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ယူကရိန်းနဲ့ စည်းလုံးညီညွတ်မှုပြဖို့ မြို့တော် ကိယက်ဗ်ကို လာရောက်လည်ပတ်ခဲ့ပြီး နိုင်ငံခြားကုမ္ပဏီတွေက ယူကရိန်းဆီ စွမ်းအင်သုံးပစ္စည်းတွေ လွှဲပြောင်းရေးကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ဆင်မ်ဆွန်က ပြောခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်က ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံသား အများအပြား လျှပ်စစ်မီးနဲ့ ရေပြတ်တောက်ခဲ့ပြီး အင်ဂျင်နီယာတွေ ပြုပြင်နေချိန် စွမ်းအင်ချွေတာဖို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ရပါတယ်။ တိုက်ခိုက်မှုတွေဟာ လူသားတွေရဲ့ဒုက္ခကို တိုးပွားစေမယ့် နည်းပရိယာယ်လို့ ဆင်မ်ဆွန်က ပြောပါတယ်။

အီးယူအဖွဲ့အစည်းတွေ၊ အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာမိတ်ဘက်တွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေဆီက နောက်ထပ်အကူအညီတွေ လာရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူနဲ့ ဆင်မ်ဆွန်တို့ အဓိပ္ပါယ်ရှိရှိ တွေ့ဆုံခဲ့တယ်လို့ တယ်လီဂရမ်မှာ ပြောခဲ့ပါတယ်။

အီးယူကဖြန့်ချိတဲ့ ရုပ်သံဖိုင်မှာ ဇလန်းစကီးက ဆင်မ်ဆွန်နဲ့ တွေ့ဆုံပြီး ဆင်မ်ဆွန်ကို နိုင်ငံတော် ဆုချီးမြှင့်ပုံကို ပြသခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ကူညီလို့ ပေးအပ်တဲ့ တတိယတန်းစားဆုဖြစ်တဲ့ Prince Yaroslav the Wise ဆုကို ပေးခဲ့တာလို့ ဆင်မ်ဆွန်က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up