အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည် ထောက်ပံ့ပေးမည်

အီရန်နိုင်ငံဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ စဉ်းစားနေပြီး ဒရုန်းတွေကိုလည်း ပေးပို့ထားပြီးသားဖြစ်ကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က နိုဝင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီတရားမဝင်စစ်ပွဲမှာ ဘယ်နိုင်ငံမှ မော်စကို ကို ထောက်ပံ့မှု မပေးသင့်ပါဘူး”လို့စတော့တန်ဘာ့ဂ်က အစ္စတန်ဘူလ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
အီရန်က ရုရှားကို မောင်းသူမဲ့လေယာဉ်တွေအပြင် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တွေကို ထောက်ပံ့ပေးမယ်လို့ ကတိပြုထားကြောင်း အီရန်အကြီးတန်းအရာရှိနှစ်ဦးနဲ့ အီရန်သံတမန် နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေကို ဒေါသထွက်စေမယ့် လှုပ်ရှားမှုတခုလည်းဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။
အီရန်နိုင်ငံရဲ့ ဒုသမ္မတ-၁ မိုဟာမက် မို့ခ်ဘာနဲ့ အီရန်ရဲ့ ဩဇာရှိတဲ့ တော်လှန်ရေး အစောင့်တပ်မှ အကြီးတန်းအရာရှိ နှစ်ဦးအပြင် အမျိုးသားလုံခြုံရေးကောင်စီမှ အကြီးတန်းအရာရှိ တဦးတို့ဟာ ရုရှားနိုင်ငံနဲ့ ဆွေးနွေးဖို့အတွက် မော်စကိုကို လာရောက်လည်ပတ်ချိန်မှာ လက်နက်တွေပေးပို့တာနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို အောက်တိုဘာ ၆ ရက်က သဘောတူခဲ့တာ ဖြစ်ပါတယ်။