ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ လုံခြုံရေးအတွက် လူ ၅၀,၀၀၀ ကျော်ကို သင်တန်းပေး

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လုံခြုံရေးအတွက် လူပေါင်း ၅၀,၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ကာတာရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ နိုင်ငံခြားတပ်ဖွဲ့တွေက ကူညီပေးခဲ့ပြီး ဘယ်နိုင်ငံတွေ ပါဝင်နေတယ် ဆိုတာကိုတော့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျဘား ဟာမွဒ် ဂျဘား အလ် နွိုင်မီက မပြောပြပါဘူး။
တူရကီကတော့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၃,၀၀၀ ထောက်ပံ့ပေးထားပြီး တူရကီရဲ့ ကွပ်ကဲမှုအောက်မှာ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ကာတာနိုင်ငံသား ၁၂ ရာခိုင်နှုန်းလောက်ရှိတဲ့ လူဦးရေ ၃ သန်းနဲ့အတူ ကာတာဟာ နိုဝင်ဘာ ၂၀ ရက်မှာစတင်မယ့် ၁ လကြာ ဖီဖာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်နေချိန်မှာ ဝန်ထမ်းအင်အား ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေ ဒီဇင်ဘာ ၂ ရက်မှာ ပြီးဆုံးပြီးနောက်မှာ ကာတာဟာ ဧည့်သည်အားလုံးအတွက် ပွဲလက်မှတ် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ နယ်စပ်တွေကို ပြန်ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။
ဧည့်သည်တွေဟာ ဟေယာကတ်ဆိုတဲ့ ကာတာကိုဝင်ရောက်ပြီး အားကစားကွင်းတွေဆီ သွားရောက်လို့ရတဲ့ ခွင့်ပြုမိန့်ကို ဆက်လက်လျှောက်ထားရမှာဖြစ်ပေမဲ့ အဲဒီလို လျှောက်ထားဖို့ လက်မှတ်တွေမလိုအပ်ဘူးလို့ နွိုင်မီက ပြောပါတယ်။
ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တွေက ဆေးဘက်ဆိုင်ရာ မေးခွန်းတွေကို မေးမြန်းလိမ့်မယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပြောရေးဆိုခွင့်ရှိသူ ယိုဆက်ဖ် အလ် မာဆလာ မာနီက ပြောပါတယ်။