close

အရာတော်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရသဖြင့် စစ်သားနှင့်ပျူစောထီး ၁၅ ဦးထက်မနည်း သေဆုံး

အရာတော်မြို့နယ် သလဲဘာကျေးရွာက ပျူစောထီးနာရေးလမ်းကြောင်းနဲ့ စစ်ကောင်စီအခြေစိုက်စခန်းတွေကို PDF ပူးပေါင်းအဖွဲ့က ဒရုန်းတွေနဲ့တိုက်ခိုက်တာကြောင့် စစ်သားနဲ့ပျူစောထီး ၁၅ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ လေကြောင်းအသုံးပြုနေတဲ့အပြင် အထူးကွန်မန်ဒိုတွေကိုပါထုတ်သုံးလာတယ်လို့ ဗိုလ်နဂါးကပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်ထဲက ပျူစောထီးတွေအခြေစိုက်တဲ့ သလဲဘာကျေးရွာက နာရေးလမ်းကြောင်းကို PDF ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၃ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဒရုန်း ၅ စီး နဲ့ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ 

သလဲဘာကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးစခန်းကိုလည်း PDF တွေက ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် စုစုပေါင်း စစ်သားနဲ့ပျူစောထီး ၁၅ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရသွားပါတယ်။ 

ဒရုန်းစစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ကဦးဆောင်ခဲ့ပြီး Danger Force၊ BRA ၊ MRTF ၊ ဇာမဏီ၊ နဂါးနီ (ကျောက်ဆည်)အဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒရုန်းနဲ့ဗုံးကြဲရာမှာအသုံးပြုခဲ့တဲ့ ဗုံးသီးတွေဟာ စကိုင်းခရိုင်ပကဖက ထုတ်လုပ်ထားတဲ့ဗုံးသီးတွေကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က မိုင်းနင်းမိပြီးသေဆုံးသွားတဲ့ ပျူစောထီးတစ်ယောက်ရဲ့ နာရေးကိုလိုက်ပို့နေတဲ့ စစ်သားနဲ့ပျူစောထီးလမ်းကြောင်းကို အဓိကပစ်မှတ်ထားခဲ့တာ (Zero ပြောက်ကျားတပ်ဖွဲ့ မှ ဗိုလ်ဇီးရိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အချိန် ၁၉ လကျော်ကြာအောင် အကြမ်းဖက်မှုတွေပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ မြေပြင်စစ်ရေးရှုံးနိမ့်တဲ့ အခြေအနေဖြစ်လာပါတယ်။ 

မြေပြင်စစ်ဆင်ရေးအရေးနိမ့်လာတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ စစ်ကောင်စီက ဆက်တိုက်အသုံးပြုခဲ့ပေမယ့် ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့ပြန်လည်တုံ့ပြန်နေခဲ့တာပါ။ 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ အထူးကွန်မန်ဒိုတပ်သားတွေကိုပါ ပူးတွဲအသုံးပြုလာတာမျိုး တွေ့ရတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီလေယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို နေရာတချို့မှာ တပ်ဆင်ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အောက်တိုဘာ ၇ ရက်နေ့သ တင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။ 

လက်တွေ့မြေပြင်မှာတော့ စစ်ကောင်စီက PDF တွေရဲ့ Drone တွေကို အဆင့်မြင့်လက်နက်သုံးပြီး ပစ်ချတာနဲ့ ရန်ပုံငွေအခက်အခဲရှိလာတာတွေကြောင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အခြေစိုက် Drone တပ်ဖွဲ့ ၇ ဖွဲ့ဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်ဆင်ရေးယာယီရပ်နားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။ 

ဒရုန်းယာဉ်တွေဟာ စစ်ကောင်စီကို တိုက်ခိုက်ဖို့တင်မကဘဲ ဒေသခံပြည်သူတွေ လုံခြုံရေးအတွက် စစ်ကြောင်းတွေကို ကင်းထောက်ရာမှာ အရေးပါနေတာကြောင့် ဒရုန်းတပ်ဖွဲ့တွေကို အကူအညီပေးကြဖို့ စစ်ကိုင်းဒေသခံ PDF တွေက မေတ္တာရပ်ခံထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up