close

စစ်တွေမြို့ စစ်ဘေးရှောင်စခန်း၌ နေထိုင်သူ ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာ ၆ ရက် ညက ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး  RV စားသောက်ဆိုင်မှာ သေနတ်ပစ်ခတ်ခံရပြီးနောက် ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တယောက်ကို နိုဝင်ဘာ ၇ ရက် မနက် ၃ နာရီမှာ စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်မှာ နေထိုင်သူတယောက်က “ကျနော်တို့ တညလုံး မအိပ်လိုက်ရဘူး။ စစ်ကားတွေအပြည့် နေရာယူထားပြီး ဘုန်းကြီးကျောင်းကို ဝိုင်းထားကြတယ်။ နောက် မနက်အရုဏ်အချိန်မှ ဝင်ဖမ်းကြတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းရွာမှ စစ်ရှောင်နေတဲ့ ဦးဌေးနိုင် (၃၈ နှစ်) ဖြစ်ပြီး RV စားသောက်ဆိုင်ထဲမှာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး သေနတ်ပစ်ခံရတာနဲ့ ဆက်စပ်မှုရှိမရှိကိုတော့ အတိအကျ မသိပေမဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးဟာ စစ်တွေမြို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးရုံးရှေ့မှာ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“စဥ်းစားရင်တော့ စဥ်းစားစရာပေါ့ဗျာ။ ဘုန်းကြီး​​ကျောင်းနဲ့ ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူးရုံးက တလမ်းတည်းမှာ ရှိနေကြတာဆိုတော့ ဒီ စစ်ဘေးရှောင်စခန်းက ဖြစ်နိုင်မလားဆိုပြီး ကင်းပုန်းဝပ် စောင့်ကြည့်ပြီး မနက်အရုဏ်မှ ဝင်ရောက်ပြီး အပေါ့လာစွန့်တဲ့ ကိုဌေးနိုင်ကို ဖမ်းသွားတယ်လို့ထင်တယ်။ သူတို့မှာလည်း အချက်အလက်တွေ ရရင်ရထားနိုင်တာပေါ့လေ။”

စစ်ဘေးရှောင်တွေကတော့ သူဟာ ဘာမှမသိဘဲ အဖမ်းခံလိုက်ရတာဖြစ်ပြီး ကျောင်းထိုင်ဆရာတော်က စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက် အကူအညီတောင်းထားကြောင်း ပြောပါတယ်။

ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ၄၀၀ ကျော်ရှိ​နေပြီး အဲဒီစစ်ဘေးရှောင်တွေဟာ ၂၀၁၈ ကတည်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် မီးလက်ဝနဲ့ ကျောင်တော်နယ်ဘက်မှ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up