မြောက်ကိုရီးယား နျူးကလီးယားအစီအစဉ် စိစစ်ရာတွင် IAEA ပါဝင်ရန် တောင်ကိုရီးယားပြော

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်ကို စိစစ်ရာမှာ မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်ဖို့လိုတယ်လို့ နိုဝင်ဘာ ၉ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂ မျက်နှာစုံညီအစည်းအဝေးတခုအတွင်း တောင်ကိုရီးယားက ပြောလိုက်ပါတယ်။
သြစတြေးလျနိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဟယ်သာ မက်ကင်တိုင်ယာက တောင်ကိုရီးယားရဲ့ သဘောထားမှတ်ချက်ကို ထောက်ခံခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် စိန်ခေါ်မှုကြီးတရပ်လို့လည်း ပြောလိုက်ပြီး အဲဒီလုပ်ရပ်တွေကို ရှုတ်ချခဲ့ပါတယ်။
ဒီအတောအတွင်း ဆော်ဒီအာရေဗျ ကိုယ်စားလှယ်က အီရန်ရဲ့ နျူးကလီးယား အစီအစဉ်ကို ပြန်သုံးသပ်ဖို့ IAEA ကို တိုက်တွန်းခဲ့ပါတယ်။