close

ပြင်သစ်တွင် အလုပ်သမားသပိတ်ကြောင့် ရထားလိုင်းများ ပိတ်ထားရ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ မက်ထရိုလုပ်သားတွေ သပိတ်မှောက်မှုကြောင့် ရထားလိုင်း ၃ ပုံ ၁ ပုံ လုံးဝပိတ်ထားရပြီး ကျန်မီးရထားလိုင်းတွေကလည်း လူစီးအများဆုံးနာရီတွေမှာပဲ ပြေးဆွဲကြတာကြောင့် နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပုံမှန်ရထားစီးခရီးသည်တွေနဲ့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေဟာ ဆိုးဆိုးရွားရွား အနှောင့်အယှက် ဖြစ်ကြရပါတယ်။

ခရီးသွားတွေဟာ ရထားစီးဖို့ အချိန်အတော်ကြာအောင် စောင့်ခဲ့ကြရပြီး တချို့ခရီးသည်တွေဟာ ငွေပိုကုန်မယ့် အငှားကား ပြောင်းစီးခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အလုပ်သမားရေးရာအဖွဲ့ချုပ် (CGT) သမဂ္ဂဟာ စံချိန်တင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေချိန်မှာ လုပ်ခလစာ ပိုမြင့်မားလာစေအောင် တွန်းအားပေးပြီး စီစဉ်ထားတဲ့ ပင်စင်ငွေ ပြုပြင်ပြောင်းလဲမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ တနိုင်ငံလုံးရှိ အလုပ်သမားတွေကို လုပ်ငန်းခွင်ကနေ ထွက်ခွာဆန္ဒပြကြဖို့ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ ပါရီမက်ထရိုကို နေ့စဥ်အသုံးပြုသူ သန်းနဲ့ချီရှိတာကြောင့် သက်ရောက်မှုက အတော်လေး အကန့်အသတ် ရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း အလားတူ များပြားတဲ့ သပိတ်ခေါ်ဆိုမှုတွေ ရှိခဲ့တာကြောင့် လူတွေကို မစုဝေးလာနိုင်စေဘဲ တခြားသမဂ္ဂတွေလည်း မပါဝင်လာနိုင်ပါဘူး။

ပါလီမန်မှာ အများစု မအုပ်စိုးထားနိုင်တဲ့ ပြင်သစ်အစိုးရအနေနဲ့ ၂၀၂၃ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ ပါလီမန်မှာ အထူးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာတွေကို အကြိမ်ကြိမ် တွန်းအားပေးနေလို့ တင်းမာနေတဲ့ နိုင်ငံရေးအခြေအနေမှာ ကြာသပတေးနေ့ လုပ်သားသပိတ် ထွက်ပေါ်လာခဲ့တာပါ။

သမဂ္ဂတွေဟာ ပင်စင်ပြုပြင်ပြောင်းလဲမှုကို အတည်ပြုနိုင်မယ့် သမ္မတ အီမန်နျူယယ် မက်ခွန်းရဲ့ စွမ်းရည်ကိုလည်း အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up