ကမ္ဘောဒီးယားတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အစာငတ်ခံ ဆန္ဒပြ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ဒေသတွင်း ထိပ်သီးအစည်းအဝေး ကျင်းပနေချိန် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစုက Freedom Park မှာ တပတ်ကြာ အစာငတ်ခံ ဆန္ဒပြနေပြီး အကျဉ်းကျနေတဲ့ ကမ္ဘောဒီးယား-အမေရိကန် ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူ ဆိုင်းသီယာရီနဲ့ တခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ နိုဝင်ဘာ ၁၀ ရက်က တောင်းဆိုလိုက်ပါတယ်။
ခမာသဝရက်ခ်လို့ လူသိများတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဟာ ကမ္ဘောဒီးယားအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် သူတို့ရဲ့ တွန်းအားပေးမှုကို ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
သူတို့ ဒီ Freedom Park မှာ အစာငတ်ခံ ဆန္ဒပြနေသလိုမျိုး အကျဉ်းထောင်ထဲမှာလည်း မစ္စ ဆိုင်းသီယာရီက အလားတူ ဆန္ဒပြနေကြောင်းနဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါကြောင်း တက်ကြွလှုပ်ရှားသူ ချွန်ဒရာဗီက ပြောပါတယ်။
Preah Vihear ပြည်နယ် အကျဉ်းထောင်ထဲမှာ ဆိုင်းသီယာရီ ဆန္ဒပြတဲ့ နိုဝင်ဘာ ၇ ရက်က သပိတ်စတင်ခဲ့တာပါ။ ဆိုင်းသီယာရီကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ဖို့ ပူးပေါင်းကြံစည်တဲ့ ပြစ်မှုနဲ့ အတိုက်အခံပါတီဝင် ၆၀ နဲ့အတူ ဇွန်လက ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်။