တွစ်တာကုမ္ပဏီက အလုပ်ဖြုတ်လိုက်သည့် ဝန်ထမ်းများကို အလုပ်ပြန်လုပ်ရန် ဆက်သွယ်နေ

တွစ်တာကုမ္ပဏီဟာ နိုဝင်ဘာ ၄ ရက်က သူ့ရဲ့ဝန်ထမ်းတဝက်လောက်ကို အလုပ်ကနေ ထုတ်ပစ်ပြီးနောက် အခုတော့ ကုမ္ပဏီဟာ အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်း ဒါဇင်ပေါင်းများစွာကို အလုပ်ပြန်လုပ်ဖို့ ဆက်သွယ်နေကြောင်း Bloomberg သတင်းဌာနက နိုဝင်ဘာ ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အလုပ်ကိုပြန်လာဖို့ ဆက်သွယ်ခံရသူတွေဟာ မှားယွင်းပြီး အလုပ်ဖြုတ်မိသူတွေ ဖြစ်ပါတယ်။ တွစ်တာပိုင်ရှင်သစ် မတ်စ်ခ် မျှော်မှန်းထားတဲ့ ထူးခြားထင်ရှားတဲ့ ဝိသေသသစ်တွေကို တည်ဆောက်ဖို့အတွက် လုပ်ငန်းစွမ်းရည်နဲ့ အတွေ့အကြုံရှိရမယ့်သူတွေကို လိုအပ်ကြောင်း စီမံခန့်ခွဲရေးအဖွဲ့က သဘောမပေါက်ဘဲ အလုပ်ကနေ ထွက်ခိုင်းမိခဲ့တာဖြစ်ကြောင်း ဒီလုပ်ဆောင်ချက်အကြောင်း သိရှိသူတွေကို ကိုးကားပြီး သတင်းမှာရေးထားပါတယ်။
တွစ်တာဟာ မကြာသေးခင်က သူ့ရဲ့ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို အလုပ်က ထုတ်ပယ်ခဲ့ရာမှာ ကာကွယ်မှုနဲ့ လုံခြုံမှုဆိုင်ရာဌာနက ဝန်ထမ်းတွေလည်း ပါသွားတယ်လို့ ကုမ္ပဏီရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာဌာန အကြီးအကဲ Yoel Roth က အခုသီတင်းပတ် အစောပိုင်းက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
တွစ်တာဝန်ထမ်းတွေဟာ ဆက်သွယ်ရေးအပိုင်း၊ အကြောင်းအရာ စုစည်းတင်ပြရေးအပိုင်း၊ လူ့အခွင့်အရေးနဲ့ ကျင့်ဝတ်လေ့လာရေး၊ စက်ပစ္စည်းဆိုင်ရာအပိုင်းတွေမှာ တာဝန်ရှိတဲ့ အစုအဖွဲ့တွေဟာ ထုတ်ကုန်ပိုင်းနဲ့ အင်ဂျင်နီယာအဖွဲ့တွေလိုပဲ ခါးခါးသီးသီး စိတ်ပျက်ရကြောင်း တွစ်တာမှာ ရေးသားခဲ့ကြပါတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့ ရည်မှန်းချက်မှာ ကမ္ဘာနဲ့ပတ်သက်တဲ့ အတိကျဆုံး သတင်းရင်းမြစ် ဖြစ်လာစေဖို့လို့ မတ်စ်ခ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
မတ်စ်ခ်ရဲ့ ပထမဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့ အဓိက ပြန်လည်ပြင်ဆင်မှုမှာ အပြာရောင် စစ်ဆေးအတည်ပြု အကောင့်အမှတ်အသားအတွက် ၈ ဒေါ်လာ စတင်ကောက်ခံဖို့ စနေနေ့က အက်ပဲလ်ရဲ့ အက်ပ်စတိုးမှာ သူ့ရဲ့အက်ပ်ကို အပ်ဒိတ်လုပ်ခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုတာကိုတော့ တွစ်တာက ချက်ချင်းမတုံ့ပြန်သေးပါဘူး။