ကမ္ဘာ့လူဦးရေ သန်း ၈,၀၀၀ ပြည့်ပြီဟု ကုလသမဂ္ဂကြေညာ

ကမ္ဘာ့လူဦးရေဟာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ၈ ဘီလီယံ (သန်း ၈,၀၀၀) ပြည့်မြောက်သွားပြီ ဖြစ်ပြီး ဒါဟာ လူသားဖွံ့ဖြိုးမှုရဲ့ မှတ်တိုင်တခုဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
လူဦးရေ ၈ ဘီလီယံ အထိမ်းအမှတ်အနေနဲ့ အင်္ဂလိပ်အက္ခရာ 8 နဲ့ ဆင်တူ Infinity (အနန္တသင်္ကေတ) ကို သုံးထားတာဖြစ်ပြီး ၈ ဘီလီယံကနေ အဆုံးမရှိ များပြားတဲ့လူဦးရေ ဖြစ်လာမယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၂ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မွေးဖွားလာတဲ့ ကလေးငယ်တွေကို မှတ်တမ်းတင်သွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ နိုဝင်ဘာ ၁၅ ရက်က မွေးဖွားလာတဲ့ Vinice Mabansag အမည်ရှိတဲ့ မိန်းကလေးငယ်ကို လူဦးရေရဲ့ ၈ ဘီလီယံမြောက်လူသားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေဟာ ၇ ဘီလီယံကနေ ၈ ဘီလီယံတိုးလာဖို့ ၁၂ နှစ်တာ အချိန်ယူခဲ့ရပြီး ၂၀၃၇ ပြည့်နှစ်မှာ ၉ ဘီလီယံ၊ ၂၀၈၀ ပြည့်နှစ်မှာ ၁၀ ဒသမ ၄ ဘီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတွေ ကျရောက်ခဲ့ပေမဲ့ ကျန်းမာရေး၊ အာဟာရ၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ဆေးဝါးနည်းပညာ တိုးတက်မှုတွေကြောင့် လူသားတွေရဲ့ သက်တမ်းနဲ့ လူဦးရေတဖြည်းဖြည်း တိုးတက်လာရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ အဆိုအရ လူဦးရေ တိုးတက်မှုနှုန်းဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံမှာ အမျိုးသမီးတဦးရဲ့ မွေးဖွားမှုနှုန်းက ၂ ဒသမ ၁ အမှတ်အောက် ရှိနေပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာ လူဦးရေတိုးတက်မှုနှုန်း ဆက်လက်မြင့်မားနေကြတဲ့အပြင် အဲဒီနိုင်ငံအများစုဟာ အာဖရိက ဆာဟာရအောက်ပိုင်းဒေသက နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မှတ်တမ်းတွေအရ ကမ္ဘာ့လူဦးရေရဲ့ တဝက်ကျော် ၄ ဘီလီယံနီးပါးဟာ အာရှတိုက်ကဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာ လူဦးရေထူထပ်တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။
လူဦးရေ တိုးတက်တာဖြစ်ဖြစ်၊ ဆုတ်ယုတ်တာဖြစ်ဖြစ် နိုင်ငံတိုင်းဟာ သူတို့နိုင်ငံသားတွေရဲ့ လူမှုဘဝကောင်းတွေ ပေးဆောင်ဖို့နဲ့ နိုင်ငံသားတွေကို အဆင့်မြှင့်တင်ပေးဖို့ အဆင်သင့် ရှိသင့်တယ်လို့ ဆိုထားပြီး ကမ္ဘာ့လူဦးရေ လျှင်လျှင်မြန်မြန် တိုးတက်လာတာနဲ့အတူ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချိုတဲ့မှု တိုက်ဖျက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးစနစ် ပိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ ပိုမိုခက်ခဲစေနိုင်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရှိပြီး ကမ္ဘာကြီးကို ပိုမိုလုံခြုံမှု၊ ပိုမိုရေရှည်တည်တံ့စေဖို့အတွက် မူဝါဒတွေနဲ့ အစီအစဉ်တွေ ဖော်ဆောင်တဲ့နေရာမှာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအလှူရှင်၊ အစိုးရအဖွဲ့အစည်းတွေက ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့ လိုအပ်ပါတယ်လို့လည်း တိုက်တွန်းထားပါသေးတယ်။