close

ဗန်းမောက်၌ စစ်တပ်ကဗုံးကြဲသဖြင့် ကျောင်းနှင့် ရဲစခန်း ထိမှန်၊ ဗန်းမော်-ကသာလမ်းတွင် စစ်ရေးတင်းမာ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မြောက်ပိုင်းက မံထုံကလပ်ရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ နိုဝင်ဘာ ၁၆ ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာစာသင်ကျောင်းနဲ့ ရဲစခန်းကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာက PDF စိုးမိုးနယ်မြေဖြစ်ကာ မံထုံကလပ်ရွာက စာသင်ကျောင်းမျက်နှာစာ ထိမှန်ခဲ့သလို စစ်ကောင်စီ ရဲစခန်းတခုလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။ အဲဒီရဲစခန်းက စစ်ကောင်စီတပ်သားတွေ မနေရဲလို့ စွန့်ခွာသွားတဲ့ စခန်းအလွတ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဒေသခံ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မကြာခဏ ဂျက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံတွေက ဗုံးခိုကျင်းတွေ တူးထားရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ မံယူးကြီးကျေးရွာ ဆေးရုံဆေးခန်းတွေ ပျက်စီးခဲ့ကာ ဒေသခံတဦး သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့ကို အရေးပါတဲ့ သွားလာဆက်သွယ်ရေးလမ်းမကြီး ဗန်းမော်-ကသာလမ်းပိုင်းကို စစ်ကောင်စီတပ်တွေ ပိုက်စိပ်တိုက် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနိုင်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အများပြည်သူတွေ အန္တရာယ်ကျရောက်နိုင်လို့ KIA/PDF ပူးပေါင်းတပ်တွေက အများပြည်သူကို နိုဝင်ဘာ ၁၆ ရက်နေ့က မဖြတ်သန်းဖို့ သတိပေးထားပြီး စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ အဆိုပါလမ်းကို အသုံးပြုနေသူ ယာဥ်မောင်းသမားတွေဆီက သိရပါတယ်။

ရွာခံတဦးက “စစ်ကြောင်းတွေက လမ်းမကြီးဘေးက မြို့ကုန်း၊ စီငန်း၊ စီသော်၊ ဟင်းအွန်တကြော ထိုးလာကြတာ။ တချို့ရွာကလူတွေ တိမ်းရှောင်လိုက်၊ ပြန်လာလိုက်နဲ့ပဲ။ ဒီဘက်မှာက အခုမှ စပါးရိတ်ကြရတာ။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ကျနော်တို့မိသားစုတော့ ရွှေကူက အမျိုးတွေအိမ်မှာပဲ နေထားကြတယ်” လို့ ပြောပါတယ်။

ရွှေကူမြို့နယ်ရှိ မြို့ကုန်းကျေးရွာမှာ နိုဝင်ဘာ ၁၄ ရက်က စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ မြို့ကုန်းတိုက်နယ်ဆေးရုံမှာ ကျရောက်ပေါက်ကွဲလို့ တိုက်နယ်ဆေးရုံ ပျက်စီးခဲ့ပြီး ဆရာဝန်၊ သူနာပြုတွေကတော့ ရှောင်တိမ်းနေကြတာကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Photo -SPDF/DVB

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up