close

အင်းစိန်ထောင်မှ ပြန်လွတ်လာသည့် ဂျပန်ဒါရိုက်တာ တိုရူကူဘိုတာ ပြန်ရောက်တော့မည်ဟု ဂျပန်အစိုးရပြော

ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ထောင်ချခံရပြီးနောက် ဂျပန်နိုင်ငံကို ပြန်ရောက်ရှိလာတော့မယ်လို့ ဂျပန်ထိပ်တန်း အစိုးရပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၇ ရက်မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ 

“မြန်မာတာဝန်ရှိသူတွေရဲ့အဆိုအရ မစ္စတာ ကူဘိုတာဟာ ၁၇ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာမှာဖြစ်ပြီး မနက်ဖြန် ၁၈ ရက်နေ့မှာ ဂျပန်နိုင်ငံကို အစောဆုံး ပြန်ရောက်လာမှာပါ”လို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုကာဇု မာဆူနို က တိုကျိုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အသေးစိတ် အချက်အလက်တွေကို သံရုံးကတဆင့် စုံစမ်းနေကြောင်းလည်း ပြောပါတယ်။  အသက် ၂၆ နှစ်အရွယ် ကူဘိုတာ ကို ဇူလိုင်လက ရန်ကုန်မြို့ရဲ့ ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့လက စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာပါ။ 

မစ္စတာ ကူဘိုတာကို ပြန်လွှတ်ပေးဖို့  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မာရူယာမက မြန်မာနိုင်ငံကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ရကြောင်းနဲ့ သူ ဒီနေ့ ပြန်လွတ်လာတာဟာ ဂျပန်အစိုးရရဲ့ ပြင်းပြင်းထန်ထန် တောင်းဆိုမှုရဲ့ ရလဒ်ကြောင့်ဖြစ်ကြောင်း မြန်မာအာဏာပိုင် တွေက ရှင်းပြခဲ့တယ် လို့လည်း ဆိုပါတယ်။ 

ဂျပန်အစိုးရအနေနဲ့ ဂျပန်နိုင်ငံသားတွေရဲ့ ဘေးကင်းရေးအတွက် အစီအမံအားလုံးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီကိုအခြေခံပြီး ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ အာဆီယံရဲ့ အချက် ၅ ချက် သဘောတူညီချက်ကို အမြန်ဆုံး လိုက်နာဖို့လည်း  ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုကာဇု မာဆူနို က ပြောကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြုံနေရပါတယ်။ 

Photo-MRTV

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up