close

ကမ္ဘာ့ဖလားအုပ်စုများ လေ့လာသုံးသပ်ချက် (အုပ်စု F)

ဒီအုပ်စု ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲရဲ့ ဒုတိယ ခရိုအေးရှားနဲ့ တတိယရခဲ့တဲ့ ဘယ်လ်ဂျီယံတို့ ထိပ်တိုက်တွေ့ဆုံခဲ့တာ ဖြစ်တယ်။ တခြားနှစ်သင်းကလည်း ဒီဘက်နှစ်တွေမှာ ခြေစွမ်းတက်လာတဲ့ ကနေဒါနဲ့ မက္ကဆီကိုအသင်းတို့ ဖြစ်တယ်။

ဘယ်လ်ဂျီယံ

ဒီပြိုင်ပွဲ Golden Generation လို့ခေါ်ကြတဲ့ ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားလို့ ဆိုနိုင်တယ်။ ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်က ရေပန်းစားခဲ့ပေမဲ့ အောင်မြင်မှု ရယူနိုင်ခြင်းတော့ မရှိခဲ့သလို လက်ရှိအခြေအနေမှာလည်း ခြေစွမ်းကျဆင်းနေသူတွေက များပါတယ်။ ဒါပေမဲ့ ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းက တောက်ပနေဆဲဖြစ်ပြီး ဒဏ်ရာပြဿနာတွေ ရှိနေတဲ့ တိုက်စစ်မှူး လူကာကူသာ ကြံ့ခိုင်မှုပြည့်ဝနေမယ် ဆိုရင်တော့ အတိုင်းအတာတခုအထိ မျှော်လင့်နိုင်စွမ်း ရှိနေတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်မှာ အနည်းဆုံး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ သုံးသင်းထဲက တသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံဟာ အခုနှစ်ပြိုင်ပွဲမှာတော့ ရေပန်စားမှု လျော့ကျနေတယ်။ နေးရှင်းလိဂ်မှာ ဟော်လန်ကို နှစ်ကျော့စလုံး အရှုံးပေးခဲ့ရတဲ့ ဘယ်လ်ဂျီယံဟာ အုပ်စုအဆင့်ကနေ ကျော်လွန်ဖို့ အခွင့်အရေး ကောင်းနေပေမဲ့ မြင့်မားတဲ့ အောင်မြင်မှုတခု ရဖို့တော့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ခရိုအေးရှား

၆ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ခရိုအေးရှားဟာ အရင်က ယူဂိုဆလားဗီးယားအနေနဲ့ အောင်မြင်မှုရခဲ့သလို ခရိုအေးရှားအမည်နဲ့ ခွဲထွက်ယှဉ်ပြိုင်ချိန်မှာလည်း ရလဒ်ကောင်းတွေ ရရှိထားတယ်။ ယှဉ်ပြိုင်ခဲ့သမျှ ကမ္ဘာ့ဖလား ၆ ကြိမ်မှာ အုပ်စုအဆင့်ကနေ ၃ ကြိမ် ထွက်ခဲ့ရပေမဲ့ ဒုတိယတကြိမ်၊ တတိယတကြိမ် မှတ်တမ်းက လျှော့တွက်လို့မရတဲ့ အသင်းဆိုတာ ပြသနေတယ်။ ကစားသမားအင်အားအရ ကွင်းလယ်ကစားသမားကောင်းတွေ များပေမဲ့ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းပေးနိုင်မယ့်သူ မရှိဘဲဖြစ်နေတယ်။ အသက် ၃၇ နှစ်ရှိလာတဲ့ ကွင်းလယ်လူ မိုဒရစ်ကပဲ အသင်းကို ထိန်းကျောင်းသွားမှာဖြစ်ပြီး ပတ်ကိုဗစ်၊ ခရာမာရစ်နဲ့ ဘူဒီမာ တို့လို တိုက်စစ်ကစားသမားတွေ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်။ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်း ဒုတိယအကောင်းဆုံးဖြစ်ပေမဲ့ ကနေဒါ၊ မော်ရိုကိုတို့လို ဒုတိယနေရာလုမယ့် အသင်းတွေနဲ့ပွဲမှာ အမှားအယွင်း မလုပ်မိဖို့တော့ လိုအပ်နေပါတယ်။

မော်ရိုကို

ကာတာမြေဟာ မော်ရိုကိုအတွက် ကောင်းတဲ့နိမိတ်တွေရှိတဲ့ နေရာတော့ မဟုတ်ပါဘူး။ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ အာရပ်ဖလားပြိုင်ပွဲမှာ အယ်လ်ဂျီးရီးယားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရဖူးတယ်။ ချဲလ်ဆီးက ဇီယက်ချ်ကို ပြန်ခေါ်ထားပေမဲ့ ခြေစွမ်းအကျဘက် ရောက်နေပြီး အမ်နက်ဆီရီဟာလည်း ဆီဗီလာမှာ ပွဲထွက်ခွင့်မရတော့လို့ မော်ရိုကို တိုက်စစ်ပိုင်းက အားရစရာတော့ မရှိသေးဘူး။ ကမ္ဘာ့ဖလားမှတ်တမ်းအရ ၅ ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပေမဲ့ ၁၉၈၆ ခုနှစ်မှာ ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့တာက အမြင့်ဆုံးအောင်မြင်မှုဖြစ်တယ်။ ၂၀၁၈ ခုနှစ်ကလည်း အုပ်စုကနေ ထွက်ခဲ့ရတဲ့ မော်ရိုကိုအတွက် နောက်တဆင့်တက်ဖို့ကတော့ လိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်။

ကနေဒါ

ကနေဒါဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားနဲ့ မြည်းစမ်းခွင့်ရတာ ဖြစ်တယ်။ ဒီအခြေအနေမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲ ကစားကြရမယ့် ကနေဒါကစားသမားတွေအတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ကွန်ကာကပ်ဖ်ဇုန်မှာ တတိယနေရာကနေ ခြေစစ်ပွဲအောင်လာခဲ့ပြီး ၂၃ ဂိုးသွင်းပြီး ၇ ဂိုးသာ ပေးခဲ့ရတဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးဖြစ်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားမှာ ဝင်တိုးဖို့အတွက်တော့ ခက်ခဲမှုတွေ ရှိလာဦးမှာဖြစ်တယ်။ ကမ္ဘာ့ဖလားကို ၂ ကြိမ်မြောက် ကစားရမယ့် ကနေဒါဟာ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်း အနည်းဆုံး သတ်မှတ်ခံထားရပါတယ်။

ဝဏ္ဏကို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up