စစ်တွေတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ရွာနားမှာ နိုဝင်ဘာ ၂၀ ရက် ညက စစ်ကောင်စီတပ် သေနတ်နဲ့ပစ်ခတ်လိုက်လို့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ် ရေချမ်းပြင်ရွာနားက မီးရထားသံလမ်းနားမှာ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီကျော်လောက်က သမီးရည်းစားစုံတွဲ ချိန်းတွေ့နေတာကို စစ်ကောင်စီတပ်သားတွေနဲ့ တွေ့လို့ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးရာမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တာလို့ ရေချမ်းပြင်ရွာခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ယောက်လုံး ချိန်းတွေ့နေကြတာပါ။ အမျိုးသားကတော့ ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းရွာကဖြစ်ပြီး ပေါင်မှာ သေနတ်ဒဏ်ရာတချက်ရရှိကာ အမျိုးသမီးကတော့ ရေချမ်းပြင်ရွာသူဖြစ်ကာ ဒူးခေါင်းမှာ သေနတ်ဒဏ်ရာရရှိပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေပြည်သူ့ဆေးရုံကို ရောက်ရှိလာပြီး ဆေးဝါးကုသမှု ခံယူနေတယ်။”
စစ်ကောင်စီတပ်သားတွေဟာ စစ်တွေမြို့ပေါ်မှာလည်း ပိတ်ဆို့စစ်ဆေးတာတွေ ဧည့်စာရင်း စစ်တာတွေ လုပ်ဆောင်နေကာ နိုဝင်ဘာ ၂၀ ရက်က ရေချမ်းပြင်ရွာဘက်မှာ ဧည့်စာရင်း စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း နိုဝင်ဘာ ၁၀ ရက် ညပိုင်းမှာ ဆင်အင်းကြီးရွာက အပြစ်မဲ့ပြည်သူ ၁၀ ယောက်ကို သတ်ဖြတ်ကာ ရွာကိုမီးရှို့ခဲ့လို့ နေအိမ် ၃၅ လုံးလောက် မီးလောင်ကျွမ်းခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာလည်း ခမရ ၅၅၀ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ဒီပါရုံကျေးရွာက ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။