ဆော်လမွန်ကျွန်းစုတွင် ပြင်းအား ရစ်ချ်တာစကေး ၇ ရှိ ငလျင်လှုပ်

ဆော်လမွန်ကျွန်းစုမှာ ပြင်းအား ရစ်ချ်တာစကေး ၇ ရှိ အင်အားပြင်ငလျင်တခု နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ပြီးနောက် ထိခိုက်ဒဏ်ရာရသူ အရေအတွက် မသိရသေးဘူးလို့ ဩစတြးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ပြောခဲ့ပါတယ်။
ကနဦး ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင်ဟာ မာလန်ဂိုဒေသရဲ့ အနောက်တောင်ဘက် ၁၀ မိုင်အကွာ အနက် (၉ မိုင်) မှာ ပထမဆုံး လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒစစ်တမ်းက ဆိုပါတယ်။
အဲဒီနေရာနားမှာပဲ ပြင်းအား ၆ ဒသမ ၀ အဆင့်ရှိ ဒုတိယငလျင်တခု မိနစ် ၃၀ ကြာ လှုပ်ခတ်ခဲ့တာပါ။
“ဆော်လမွန်ကျွန်းစုမှာရှိတဲ့ သြစတြေးလျနိုင်ငံသားအားလုံးရဲ့ ဘေးကင်းတာ အတည်ပြုဖို့ ကြိုးစားနေပါတယ်။ ဖုန်းလိုင်းတွေ ကျသွားတဲ့အတွက် အဲဒီနေရာမှာ ဆက်သွယ်ရေးအခက်အခဲတွေ ရှိနေပါတယ်” လို့ အယ်လ်ဘာနိစ်က ကင်ဘာရာမြို့တော်က အောက်လွှတ်တော်ကို ပြောပါတယ်။
သြစတြေးလျဟာ ဆော်လမွန်ကျွန်းနိုင်ငံ ဝန်ကြီးချုပ် မာနက်စ်ဆေ ဆိုဂါဗာရေကို ဆက်သွယ်ခဲ့ပြီး အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ဆူနာမီ ရေလှိုင်းအန္တရာယ် မရှိဘူးလို့ ဆော်လမွန်ကျွန်းစု မိုးလေဝသဌာနက ပြောခဲ့ပေမဲ့ ကမ်းရိုးတန်းဒေသတွေမှာ ပုံမှန်မဟုတ်တဲ့ ပင်လယ်ရေစီးကြောင်းတွေကို သတိပေးထားပါတယ်။