ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီးယား လက်နက် ပိုင်ဆိုင်ချင်ဟု ကင်မ်ဂျုံအန်းပြော

ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ဟာ မြောက်ကိုရီးယားရဲ့ မျှော်မှန်းချက်ပန်းတိုင်ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်လွှင့်ပါတယ်။
မကြာသေးခင်က ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့အကြီးဆုံး ဒုံးကျည်ပစ်လွှတ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်ဘက်အရာရှိတွေကို လည်း ကင်မ်ဂျုံအန်းက ရာထူးတိုးပေးခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့ ဟွာဆောင် 17 တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို စမ်းသပ်စစ်ဆေးပြီး အမေရိကန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ နိုဝင်ဘာ ၁၈ ရက်က ကတိပြုပြီးတဲ့ နောက် ခုလိုကြေညာလိုက်တာပါ။
မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြား KRT က စမ်းသပ်မှုမှာ ပါဝင်တဲ့ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့အတူ ကင်မ်နဲ့ သူ့သမီးတို့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရဲ့ နျူကလီးယား အဟန့်အတားကို ထူးထူးခြားခြား အရှိန်အဟုန်နဲ့ ဆက်လက်ချဲ့ထွင်ပြီး အားကောင်းလာစေဖို့ မျှော်လင့်ထားတယ်လို့ ကင်က ပြောပါတယ်။
နျူကလီးယားစွမ်းအားကို တည်ဆောက်တာဟာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို စိတ်ချယုံကြည်မှု ရှိရှိ ကာကွယ်ဖို့ဖြစ်ပြီး သူ့ရဲ့ အန္တိမ ရည်မှန်းချက်က တော့ ကမ္ဘာ့အင်အားကြီး ဗျူဟာမြောက် အင်အား၊ ရာစုနှစ်အတွင်း မကြုံစဖူး အကြွင်းမဲ့ အင်အားကို ပိုင်ဆိုင်ဖို့ပဲလို့ ကင်မ်က အရာရှိတွေကို ပြောခဲ့ပါတယ်။
ဟွာဆောင်-17 ကို "ကမ္ဘာ့အပြင်းထန်ဆုံး ဗျူဟာမြောက်လက်နက်"လို့ ခေါ်ပြီး မြောက်ကိုရီးယားရဲ့ သန္နိဋ္ဌာန်နဲ့ နောက်ဆုံးမှာ ကမ္ဘာ့အသန်မာဆုံး စစ်တပ်ကို တည်ဆောက်နိုင်တာကို သက်သေပြခဲ့တာလို့လဲ ကင်မ်က ပြောခဲ့ပါတယ်။