တာဝေးပစ် ခရုဇ်ဒုံးကျည် ၂ စင်း ပစ်လွှတ်မှုကို ကင်မ်ဂျုံအန်း ကြီးကြပ်ခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါဟာ နျူကလီးယားစွမ်းရည်ရှိတဲ့ လက်နက်တွေကို စစ်ဘက်ဆိုင်ရာ ယူနစ်တွေမှာ နေရာချထားဖို့ သူတို့ရဲ့ ယုံကြည်စိတ်ချရမှုနဲ့ လုပ်ငန်းဆောင်ရွက်မှုကို အတည်ပြုမယ့် စမ်းသပ်မှုလို့လည်း ခေါ်ဆိုထားပါတယ်။
ဒီပစ်ခတ်စမ်းသပ်မှုကို အောက်တိုဘာ ၁၂ ရက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး “တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ‘နည်းဗျူဟာမြောက် နျူကလီးယား စစ်ဆင်ရေးအတွက်’ ကိုရီးယားပြည်သူ့တပ်မတော်မှာ တပ်ဆင်ပေးမယ့် ခရုဇ်ဒုံးကျည်တွေရဲ့ စွမ်းအားဖြစ်ကြောင်း” ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ပြောပါတယ်။
စမ်းသပ်ပစ်ခတ်မှုဟာ ကီလိုမီတာ ၂,၀၀၀ (၁,၂၄၀ မိုင်) အကွာရှိ ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း ထိမှန်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ပြုံယမ်းဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ‘မဟာဗျူဟာမြောက်’ ခရုဇ်ဒုံးကျည်ကို ပထမဆုံး စမ်းသပ်ခဲ့ပြီး အဲဒီအချိန်က လေ့လာသုံးသပ်သူတွေဟာ နိုင်ငံရဲ့ ပထမဆုံး နျူကလီးယားစွမ်းရည်ရှိတဲ့ လက်နက်အဖြစ် ရှုမြင်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားဟာ ခရုဇ်ဒုံးကျည်တစင်းအတွက် သေးငယ်တဲ့ ဒုံးကျည်ထိပ်ဖူးတွေ တည်ဆောက်နိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့လည်း ဗုဒ္ဓဟူးနေ့က စမ်းသပ်မှုဟာ သူ့ရဲ့ နျူကလီးယားအခန်းကဏ္ဍနဲ့ ဒါကိုအသုံးပြုဖို့ အဆင်သင့် ဖြစ်နေကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။