close

ဇလွန်နှင့် မော်လမြိုင်ကျွန်းတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဒေသခံ ၂၀ ခန့်ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဇလွန်မြို့၊ လယ်ယာစိုက်ပျိုးရေးဘဏ်မှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်တပ်က ဆိုင်ကယ်ကယ်ရီဆွဲသူအပါအဝင် ဒေသခံ ၆ ယောက်ထက်မနည်း  ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းမတော်မြောက်ရပ်ကွက်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးဘဏ်ရှေ့မှာ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒေသခံ တဦးက " ဗုံးပေါက်ပြီး လိုက်ဖမ်းတာ ကျနော် သိရသလောက်  ၆ ယောက်လောက်ရှိပြီ။ ဆိုင်ကယ်ကယ်ရီ ဆွဲတဲ့ ညီလေး နှစ်ဦးလည်း ပါသွားတယ်။ မနက်အစောကြီး လာဖမ်းသွားတာ။ ဖမ်းခံရတာ လူငယ်ပိုင်းတွေပဲ" လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၅ နှစ်မှ ၃၀ နှစ်ရှိ အမျိုးသားတွေ ဖြစ်ပြီး ဇလွန်မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

တောင်သူလယ်သမားတွေအပေါ် ချေးငွေတွေ အတင်းအကျပ် ပြန်လည်ပေးဆပ်ခိုင်းနေတဲ့ အတွက် ပူးပေါင်းအဖွဲ့တွေက သတိပေး ဗုံးဖောက်ခွဲခဲ့တာလို့  ဧရာညီနောင် မြို့ပြပြောက်ကျား အဖွဲ့က နိုဝင်ဘာ  ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အလားတူ မော်လမြိုင်ကျွန်းမြို့မှာလည်း KTV ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်တပ်က  ဒေသခံတွေကို နေ့စဉ်ရက်ဆက် ဖမ်းဆီးခဲ့တာဟာ  ၁၀ ယောက်ထက် မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်း ဖွင့်လှစ်ထားတဲ့ စော်ကဲချောင်း တံတားနားက KTV  မှာ  နိုဝင်ဘာ ၂၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက"KTV ဗုံးပေါက်အပြီး ဖမ်းခံရတာကျနော်သိသလောက် ၁၀ ဦး လောက်ရှိပြီ။ ဗုံးပေါက်အပြီး နောက်နေ့က စဖမ်းတာ။ ရဲသတင်းပေးတွေ လက်ညိုးထိုးတဲ့သူ မှန်သမျှ လိုက်ဖမ်းနေတာ။ ဗုံးပေါက်တဲ့ကိစ္စ စစ်စရာ ရှိတယ်ဆိုပြီး ရဲနဲ့စစ်သားတွေ လာခေါ်သွားတာ"လို့  ဆိုပါတယ်။

KTV ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့အထဲမှာ မော်ကျွန်းမြို့နယ်ထဲက လယ်ယာ လုပ်ငန်းလုပ်ကိုင်သူ တချို့ လည်းပါဝင်တယ်လို့ သူက ဆက်လက်ပြောပါတယ်။

အောက်တိုဘာလကလည်း မော်လမြိုင်ကျွန်းမြို့၊ အမှတ် ၁၁ ရပ်ကွက်က ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက အနှေးယာဉ် လုပ်သားအပါအဝင် ဒေသခံ ၃၀ ယောက်ထက် မနည်းကို ဖမ်းဆီးခဲ့ပါသေးတယ်။

ခင်မောင်ကြည်ပစ်ခံရတာနဲ့ပတ်သက်လို့   သူတို့ ရှင်းလင်းခဲ့တာလို့       ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမဲ့ KTV ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ  သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up