close

မင်းကင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ် ထိမှန်

ချင်းတွင်းမြစ်ကြောင်းအတိုင်း  မုံရွာမြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ လောင်စာဆီနဲ့ ရိက္ခာတင်‌လာတဲ့ ရေယာဉ်တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ရာမှာ သင်္ဘော တစင်း ထိမှန်သွားတယ်လို့ ချင်းတွင်းရိုးမတပ်ပေါင်းစုကနေ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက် ၉ နာရီလောက်က မြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ ရေယာဉ် ၇ စင်း ကို မုံရွာမြို့ မရောက်ခင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ချင်းတွင်းရိုးမတပ်ပေါင်းစုမှ တာဝန်ရှိသူ တဦးက  "လေယာဉ်ဆီနဲ့ ရိက္ခာတင်လာတဲ့ ရေယာဉ် အုပ်စုပါ။ အရင်ရက်က ဆင်ဖြူရှင်တံတားနားမှာ ရေယာဉ် ၂ စင်းက သူ့ အလိုလို နစ်သွားခဲ့တာ။ ကျန်တဲ့ ရေယာဉ်တွေက ဆက်ပြီး ဆန်တက်လာတာပါ။ အဲဒါကို မုံရွာမရောက်ခင် တော်လှန်ရေး တပ်ဖွဲ့ပေါင်းစုံက ဖြတ်တိုက်တာ။ ရေယာဉ်သင်္ဘော ၁ စင်း အင်ဂျင်ပိုင်းထိသွားတယ်"လို့ ပြောပါတယ်။

မြစ်ကြောင်းအတွင်း တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ Monywa Revolation Force (MRF)ကလည်း   မော်တော် ၇ စီးကို ချင်းတွင်းမြစ်ကမ်းနံဘေး တနေရာမှာ  Monywa Revolution Force - MRF  အဖွဲ့နဲ့ မုံရွာခရိုင်တပ်ရင်း-၅ Aung San Force-ASF မဟာမိတ် ညီနောင်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စခ သင်္ဘော တစီးထိမှန်ကာ မီးခိုး အူထွက်သွားပေမဲ့ အကျဆုံးစာရင်း‌ကိုတော့ မသိရှိရသေးပါလို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံက ကြားဖြတ်တိုက်ခိုက်ရာမှာ အပြန်လှန်ပစ်ခတ်ခဲ့တယ်လို့ သိရပြီး မုံရွာမြို့ ကျောက်ဆောင်ဆိပ်ကမ်းကို မနက် ၁၁ နာရီခွဲမှာ ရေယာဉ် ၆ စင်း ဆိုက်ရောက် လာခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဆောင်ဆိပ်ကမ်း ရောက်ချိန်မှာတော့ လူနာတင်ယာဉ် ၃ စင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသူ တချို့ကို သယ်ဆောင်သွားကြတယ်လို့ ‌သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက် ၉ နာရီ‌လောက်က  မင်းကင်းမြို့နယ် တောင်တွင်းဒေသ၊ မအူကျေးရွာနား မှာ မိုင်းလာဖြုတ်တဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့ကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ရာမှာ ၁ ဦးသေဆုံးတယ်လို့ မင်းကင်း PDF က ပြောပါတယ်။

မအူကျေးရွာနားမှာ ‌အသင့်‌ထောင်ထားတဲ့မိုင်းကို  ပျူစောထီး ၂ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်တို့ ဖြုတ်ဖို့ လုပ်နေချိန် စနိုက်ပါနဲ့  ပစ်ခတ်ခဲ့တာလို့ မင်းကင်း PDF ( Minkin People's Defence Force -MKPDF 2 ) မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

"စစ်တပ်က သူတို့သင်တန်းပေးထားတဲ့ ဒေသခံပျူတွေနဲ့ ပေါင်းပြီး မအူရွာမှာ အထိုင်ချထားတာ။ သူတို့အဖွဲ့ ကင်းပတ်လာတော့ ထောင်ထားတဲ့ မိုင်းကို တွေ့ပြီး ဖြုတ်ဖို့လုပ်နေတုန်းမှာ စနိုက်ပါနဲ့ ၃ ပစ်တာ နေရာမှာ ၁ ယောက် သေတယ်။ သူတို့လည်း ပစ်ခံရပြီး ရွာထဲပြန်ဆုတ်သွားတယ် " 

အဲဒီနောက် စစ်တပ်က မအူကျေးရွာထဲကနေ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်ကြာ ပစ်ခတ်ခဲ့ပြီး မင်းကင်း PDF ကလည်း ၄၀ မမဗုံးသီး ၂ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကလည်း တောင်တွင်းဒေသ ပျားသုံးရွာမှာ ပျူစောထီးတွေပါတဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up